Friday, June 3, 2011

Giza, Egypt, 1966.


တရံရောအခါကမြန်မာပြည်မှာ (၁၃)။

ပုသိမ် သင်္ဘောသည် ၁၉၆၄ ခုနှစ်တွင် ဂျပန် စစ်လျော်ကြေးနှင့် ဝယ်ယူသော သင်္ဘော လေးစီးထဲမှ တစ်စီး ဖြစ်ပါသည်။ ပုသိမ်နှင့် အင်းဝ သင်္ဘောနှစ်စီးကို ဂျာမနီတွင် တည်ဆောက်ခဲ့ပြီး၊ ပင်းယနှင့် မြိတ် နှစ်စီးကို ဂျပန်တွင် တည်ဆောက်ခဲ့ ပါသည်။ လေးစီးစလုံး General Cargo သင်္ဘောများ ဖြစ်ပါသည်။ အရှည် ပေ ငါးရာကျော်ခန့် ရှိပြီး၊ ဗြက် ပေခြောက်ဆယ်ခန့် ရှိပါသည်။ ရေစူး ပေသုံးဆယ် ကျော်ရှိပြီး၊ ကုန် တန်ချိန် တစ်သောင်းကျော် တင်ဆောင် နိုင်ပါသည်။ ကုန်ပေါက် ငါးပေါက် ပါရှိပြီး ကုန်တင်ချရန် derricks များ ပါရှိပါသည်။ တန်ချိန် တစ်ရာကျော် ဝန်ချီမ နိုင်သော Heavy Lift Derrick တစ်ချောင်း လည်း ပါပါသည်။ ကျွန်တော်တို့ ထိုသင်္ဘောသို့ တက်သွားချိန်တွင် နှစ်နှစ်သားပဲ ရှိပါသေးသည်။ တော်တော်လေး သစ်ပါသည်။ ကျွန်တော်တို့ တတွေ သင်္ဘောပေါ် ရောက်တော့မှ Article Sign-On ပြုလုပ် ပါသည်။ (သင်္ဘောတွင် လစာ မည်၍ မည်မျှဖြင့် အချိန်ကာလ တစ်ခုအတွက် နေထိုင် လုပ်ကိုင် ပါကြောင်း၊ သင်္ဘောရှိ စည်းကမ်း၊ ဥပဒေ များကို နားလည် လိုက်နာ ပါမည့် အကြောင်း သဘောတူ စာချုပ် Article Of Agreement တွင် လက်မှတ် ထိုးခြင်း။)

ထိုစဉ်က Shipping Master မှာ ကပ္ပတိန် ညွန့်ဝေ ဖြစ်ပြီး၊ သင်္ဘော၏ ရေယာဉ်မှူးမှာ ကပ္ပတိန် နေဝင်း (ရန်ကုန်မြစ် ရေကြောင်းပြ၊ နောင် East Wind Shipping Management Local Representative) ဖြစ်ပါသည်။ Chief Officer မှာ ဦးခင်မောင်သိန်း၊ ဒုတိယ အရာရှိ ဦးထွတ်တင်၊ တတိယ အရာရှိ ဦးဝင်းမြင့်ထွန်း တို့ ဖြစ်ကြ ပါသည်။ Chief Engineer မှာ ဦးအောင်ဖေ ဖြစ်ပြီး၊ ဒုတိယ အင်ဂျင်နီယာ Oscar Day၊ တတိယ အင်ဂျင်နီယာ ဦးဘကျော်၊ စတုတ္ထ အင်ဂျင်နီယာ Tony Buchanan တို့ ဖြစ်ကြ ပါသည်။ စီနီယာ အရာရှိလောင်း နှစ်ယောက်မှာ James Ghosh နှင့် စိန်လင်းတို့ ဖြစ်ပါသည်။ သူတို့ နှစ်ဦးမှာ Captain deck ရှိ အရာရှိလောင်းများ အခန်းတွင် နေကြပြီး ကျွန်တော်တို့ ရှစ်ယောက်မှာ Main deck ပေါ်ရှိ Crew Mess ရှေ့မှ အခန်းလေးခန်းတွင် နှစ်ယောက် တစ်ခန်း နေကြရ ပါသည်။

Midship Accommodation တွင် အရာရှိများ နေကြပြီး Aft accommodation တွင် သင်္ဘောသားများ နေကြ ပါသည်။ Bosun မှာ သူရ ဦးသန်းညွန့် ဖြစ်ပြီး၊ Carpenter မှာ ဦးမောင်ကြီး ဖြစ်ပါသည်။ Assistant
Bosun မှာ ဦးအုန်းဟန် ဖြစ်ပါသည်။ Chief Cook မှာ ဦးတင်အောင်ဖြစ်ပါသည်။ Pantry man မှာ ဦးကြီးမြင့် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့ သင်္ဘောတွင် Albert Begent (ယခု Captain in Command- In Service, အဆိုတော် နွဲ့ယဉ်ဝင်း၏ ခင်ပွန်း) လည်း Seaman 1 အဖြစ် စာမေးပွဲ ဖြေဆိုရန် Sea Time ယူနေခဲ့ ပါသည်။

ထိုခေတ်က သင်္ဘောများတွင် သင်္ဘော ဝန်ထမ်း ဦးရေ တော်တော်များ ပါသည်။ ကျွန်တော်တို့ သင်္ဘောတွင်လည်း Deck Department တွင် အရာရှိသုံးယောက်၊ အရာရှိလောင်း ဆယ်ယောက်၊ Bosun အပါအဝင် သင်္ဘောသား (၁၂) ယောက် ဖြင့် စုစုပေါင်း (၂၅) ယောက်၊ Engine Department တွင် အရာရှိ (၈)ယောက်၊ Fitter, Electrician အပါအဝင် သင်္ဘောသား (၁၀) ယောက်၊ စုစုပေါင်း (၁၈) ယောက်၊ Saloon Department တွင် ထမင်းစားခန်းတွင် ငါးယောက် နှင့် galley တွင် လေးယောက်၊ Chief Steward အပါအဝင် ဆိုလျှင် စုစုပေါင်း (၁၀) ယောက်၊ ရေယာဉ်မှူး နှင့် Radio Officer ပါ ပေါင်းလိုက်ပါက သင်္ဘော တစ်စီးလုံးတွင် ဝန်ထမ်းဦးရေ စုစုပေါင်း (၅၅) ယောက် ရှိပါသည်။ ဤတွင် လေ့ကျင့်ရေး အရာရှိ ဗိုလ်မှူးကျော်မောင် မပါသေးပါ။ သူ့ကိုပါ ထည့်ပေါင်းမည် ဆိုပါက (၅၆) ယောက် ဖြစ်သွား ပါသည်။ သိုက်သိုက်ဝန်းဝန်းနှင့် ပျော်စရာကြီးပင် ဖြစ်သည်။

ကျွန်တော်တို့ ရှစ်ယောက်ကို အုပ်စုလေးစု ဖွဲ့ ခဲ့ပါသည်။ အုပ်စု တစ်စုတွင် အရာရှိလောင်း နှစ်ယောက် စီပါပြီး Day Work (On Deck) အုပ်စု တစ်စုနှင့် Watch Keeping (Bridge) အုပ်စု သုံးစု အဖြစ် တာဝန်များ ခွဲဝေ ချထား ခဲ့ပါသည်။ Watch Keeping အုပ်စု သုံးစုကို 4 to 8 Watch၊ 8 to 12 Watch နှင့် 12 to 4 Watch များတွင် တွဲထား ပါသည်။ အုပ်စုလေးစုအား အလုပ် တာဝန် တစ်ခုထဲတွင် ပုံသေ မထားဘဲ အပတ်စဉ် အလှည့်ကျ ပြောင်းထား ပေးပါသည်။ တနင်္ဂနွေနေ့မှ လွဲ၍ နေ့စဉ်နေ့တိုင်း နေ့လယ် နှစ်နာရီမှ ညနေ လေးနာရီ အထိ စာသင်ချိန် (Class Hours) ဖြစ်ပြီး၊ ည (၇) နာရီမှ (၉) နာရီ အထိ စာဖတ်ချိန် (Study Hours) ဖြစ်ပါသည်။ Bridge duty ကျသူမှ လွဲ၍ စာသင်ချိန်၊ စာဖတ်ချိန်များကို ပျက်ကွက်၍ မရပါ။ စာသင်၊ စာဖတ်ကြရာ နေရာမှာ Crew Mess ဖြစ်ပါသည်။

Sunday Inspection (သင်္ဘောတွင် လူနေခန်းများ၊ စတိုများ၊ အများနှင့် ဆိုင်သော နေရာများ သန့်ရှင်းရေး၊ လိုအပ်သည်များ ပြင်ဆင်ရေး၊ သင်္ဘောသားများ စည်းစနစ် ကျကျ နေထိုင်ရေး အတွက် တနင်္ဂနွေနေ့တိုင်း စစ်ဆေးရေး လုပ်သော ထုံးစံရှိသည်) ကို Chief Officer ဦးခင်မောင်သိန်းမှ လုပ်သည်က များပါသည်။ အိပ်ယာအောက်၊ Settee အောက်၊ တံခါးရှိ သော့ပေါက်၊ လေဝင် လေထွက် အပေါက်များပါ မကျန် အပင်ပန်းခံကာ အသေးစိတ် ကြည့်တတ် မြင်တတ်သူ ဖြစ်သည်။ နောင် ကျွန်တော် ရေကြောင်းသိပ္ပံတွင် ဆရာ ဖြစ်သောအခါ အရာရှိလောင်း များအား သူ၏နည်းများကို သင်ကြား ပြသ ခဲ့ပါသည်။

ကပ္ပတိန်နေဝင်းမှာ ထိုစဉ် အချိန်က လူပျိုကြီး ဖြစ် ပါသည်။ ထိုအချိန်က အိမ်ထောင် မကျသေးသူ သင်္ဘော အရာရှိများအား လူပျိုကြီးဟူ၍ ပြောသာ ပြောရသည်။ အသက်အားဖြင့်မူ သုံးဆယ်ကျော်သာ ရှိကြသေးသော လူလတ်ပိုင်းများ ဖြစ်ပါသည်။ (နောင်အခါအင်မတန်လှပပြီး၊အင်မတန်ငယ်သောအမျိုးသမီးတဦးနှင့်အိမ်ထောင်ကျပါသည်။)
ကျွန်တော်တို့ အတွက်မူ အင်မတန် ကြီးကျယ်သော ပုဂ္ဂိုလ်ကြီး များပါပေ။ Chief Officer ဦးခင်မောင်သိန်း သည်လည်း Master Mariner တစ်ယောက် ဖြစ်ပါသည်။ နေရာ လစ်လပ်မှု မရှိသေး၍ Captain မဖြစ်သေးခြင်း ဖြစ်သည်။ သူ၏ အမျိုးသမီးမှာ ဘိလပ်သူ အဖြူမ တစ်ယောက်ဖြစ်ပြီး Dawn ဟူသော လေးနှစ် သမီးလေး တစ်ယောက် ရှိပါသည်။ Command ရပြီးနောက် သိပ်မကြာ ကြယ်ငါးပွင့် သင်္ဘော တစ်စင်း UK ဆိပ်ကမ်း Avonmouth ဝင်ရောက်စဉ် သင်္ဘောပေါ်မှ ဆင်းသွားခဲ့ ပါသည်။ Capt. Vardon မှ လိုက်သွားပြီး သူ့ထံမှ သင်္ဘောကို လွှဲယူခဲ့ ရသည်။

နောင် University of Plymouth ၌ ကျွန်တော် ကျောင်းတက်နေစဉ် ကာလ ၁၉၈၀ ခုနှစ်၏ Easter Holiday တွင် သူတို့ နေထိုင်ရာ Cardiff, Wales သို့ သွားရောက် တွေ့ဆုံ ခဲ့ပါသည်။ ဦးခင်မောင်သိန်းမှာ ထိုစဉ်က Taiwan Shipping Company တစ်ခုတွင် Operation Manager လုပ်နေ ပါသည်။ Dawn မှာ အသက် (၁၈) နှစ်အရွယ် အပျိုလေးပင် ဖြစ်နေပြီး နောက်ထပ် Hazel ဟူသော ငါးနှစ်ခန့် သမီးငယ်လေး တစ်ယောက် တိုးနေ ပါသည်။ ကျွန်တော်နှင့် တွေ့ဖြစ်ပြီးနောက် မကြာမီပင် အိမ်ရောင်းပြီး London အနီးသို့ ရွှေ့သွားကြ ပါသည်။ ကျွန်တော် UK မှ မပြန်ခင် London တွင် နောက်ဆုံး တွေ့ဖြစ် ကြ သေးသည်။ ၁၉၈၀ ခုနှစ် မေလတွင် ဖြစ်ပါသည်။ နောက်ဆုံး ကြားသည့် သတင်းအရ ဦးခင်မောင်သိန်း တစ်ယောက် India တွင် ဟိန္ဒူဘုန်းကြီး လုပ်နေသည်ဟု သိရပါသည်။ သတင်း မှန်မမှန် မသေချာပါ။

Second Officer ဦးထွတ်တင်မှာ နားကောင်းကောင်း မကြားပါ။ သင်္ဘောလိုက်ရင်း မနီလာမြို့တွင် ကားတိုက်ခံရပြီး ကွယ်လွန်ပါသည်။ အိမ်ထောင် ကျသည်ဟု မကြားမိပါ။ Third Officer ဦးဝင်းမြင့်ထွန်းမှာ ကျွန်တော်တို့နှင့် အဖွဲ့ကျသော ကျွန်တော်တို့ အပေါင်းအသင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ကမ်းရောက်၍ အပြင်ထွက်ပြီ ဆိုလျှင် သူ့ဆီမှ အဝတ်အစားများ ငှားဝတ်ကြ ပါသည်။ သူကား မသင်းသင်းဆွေနှင့် အိမ်ထောင်ကျ ပါသည်။

ထိုစဉ်က ကျွန်တော်တို့ အရာရှိလောင်း များ၏ လခ ထက်ဝက်ကို စတာလင်ပေါင်ဖြင့် ပေးပါသည်။ သို့သော် သင်္ဘော မြန်မာပြည်၏ နယ်နိမိတ် အတွင်း၌ ရှိနေချိန်တွင်မူ မြန်မာကျပ်ငွေ ဖြင့်သာ ပေးပါသည်။ ပထမဆုံး လခကို လန်ဒန်မြို့တွင် ရရှိပါသည်။ စတာလင်ပေါင်ဖြင့် လေးပေါင် ရမည် ဖြစ်သော်လည်း သုံးပေါင်ကို Uniform ဝယ်ရန် ဖြတ်သဖြင့် တစ်ပေါင်ပဲ ထုတ်၍ ရပါသည်။ ထိုစဉ်က UK တွင် Fish & Chips တစ်ထုပ်ကို နှစ်သျှီလင်၊ ခြောက်ပဲနိ ပေးရသည်။ တစ်ပေါင်လျှင် နှစ်ဆယ် သျှီလင် ရှိသောကြောင့် Fish & Chips ရှစ်ထုပ် ဝယ်နိုင်ပါသည်။ (ယခုအခါ Fish & Chips တစ်ထုပ် လေးပေါင်မျှ ပေးရသည် ဟု သိရ ပါသည်။ ငွေကြေး ဖောင်းပွမှု (Inflation) ကား နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ၃၂၀၀% ပင် ရှိပေ၏။) နောက်တစ်ခု မှတ်မိသည်မှာ နွားနို့ဖြစ်သည်။ တစ်ပုလင်းလျှင် (၁၁) ပဲနိ သာ ပေးရ ပါသည်။ တစ်ပေါင် ဆိုလျှင် (၂၂) ပုလင်းခန့် ဝယ်နိုင်ပါသည်။

ကျွန်တော်တို့ အရာရှိလောင်းများမှာ တစ်လလျှင် Bonded Store (ဆိပ်ကမ်းများမှ အကောက်ခွန်လွတ် ဝယ်ယူထားသော သင်္ဘောပေါ်ရှိ ဆေးလိပ်၊ အဖျော် ယာမကာ စတို့ ဖြစ်ပါသည်) မှ လခ၏ ၁၀% ဖိုး (မြန်မာငွေ ၁၇ ကျပ်ခွဲဖိုး ခန့်) ဝယ်ယူခွင့်ရှိ ပါသည်။ ကျွန်တော်တို့ အရက် ဝယ်ခွင့် မရှိ၊ စီးကရက်သာ ဝယ်၍ ရပါသည်။ Lucky Strike တစ်ကာတွန်း လျှင် (၆) ကျပ် ကျပါသည်။ ဆိပ်ကမ်း ကပ်ချိန် ကမ်းပေါ်တွင် သွားရောင်းလျှင် တစ်ကာတွန်းကို တပေါင်နှင့် ငါးသျှီလင် ရပါသည်။ သို့နှင့် ကျွန်တော်တို့လည်း အပြင် တခါ ထွက်လျှင် စီးကရက် လေးငါးဘူး ခိုး၍ သယ်သွားပြီး ရောင်းစားကြ ပါသည်။

Monday, May 30, 2011

တရံရောအခါကမြန်မာပြည်မှာ (၁၂)။

ဆိပ်ကြီးကျောင်းတွင် ကျောင်းအိပ် ကျောင်းစား ဘဝ ဒုတိယနှစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းရင်းပင် အချိန်တွေ ကြာလာသည်။ ရွက်ဆုတ် ပြက္ခဒိန် စာမျက်နှာများ တဖြည်းဖြည်း ပါးလာသည်။ ကျွန်တော်တို့ ကျောင်းဆင်းဖို့လည်း တဖြည်းဖြည်း နီးလာပါသည်။ သို့သော် ဂျူနီယာ အရာရှိလောင်းများ ရောက်မလာခဲ့ကြပါ။ (ကျောင်းဆင်းပြီးသည် အထိလည်း ပေါ်မလာ ခဲ့ပါ။ ကျွန်တော်တို့ ကျောင်းဆင်းပြီးနောက် ဂျွန် လဆန်း မှသာ ဆိပ်ကြီးသို့ ရောက်လာ ကြကြောင်း နောင်အခါမှ သိရပါသည်။)
ထို့ကြောင့် ကျွန်တော့ အနေဖြင့် သူတို့တတွေ အကြောင်းကို အသေးစိတ် ပြန်မပြောပြ နိုင်ပါ။ မှတ်မိသလောက် သူတို့တပ်ဖွဲ့တွင် ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရေကြောင်း အုပ်ချုပ်မှု အရာရှိလောင်း များမှာ-

၁။ ကျော်လွင်ညို (Captain in Command)
၂။ ကျော်ရင် (Captain in Command, N.O.L)
၃။ သိန်းတန် (ကွယ်လွန်)
၎။ စောဝင်းသန့် (G.M., Lizstar Shipping, Singapore)
၅။ သိန်းကျော် (ကွယ်လွန်)
၆။ စိုးမင်းသန်း (Captain-Retired)
၇။ ကျော်ငြိမ်း (Captain-Retired)
၈။ မြတ်သူ (Captain-Retired, Singapore)
၉။ ကျော်ထင် (ကွယ်လွန်)
၁၀။ သန်းအောင် (ဆေးတက္ကသိုလ်တက်ခွင့်ရ၍ထွက်သွားသည်)

ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းများမှာ-

၁။ စတန်လေကျော်ဇော်(C.E.)
၂။ ဂျင်မီချစ် (C.E.)
၃။ ရန့်ခေတ်တင်ကူး (C.E.)
၎။ မိုးမောင်မောင် C.E. (ကွယ်လွန်)
၅။ ချာလီမြ C.E. (ကွယ်လွန်)
၆။ ညွန့်ဦးစိုး (C.E.)
၇။ ထွန်းနိုင် (C.E., Ex-Head of Marine Engineering IMT)
၈။ ခင်သိန်း (C.E.)
၉။ ဌေးအောင် (C.E., Ex-IMT, DMA, MMU)
၁၀။ စိုးတင့် (C.E.) တို့ဖြစ် ကြပါသည်။

၁၉၆၆ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ကျွန်တော်တို့ ကျောင်းဆင်းပွဲ ကျင်းပပါသည်။ ကျွန်တော့ ဖခင်သည် ထိုအချိန်က ဥက္ကံမြို့တွင် နယ်စီးတောအုပ် (ယခုခေတ် အခေါ် မြို့နယ် သစ်တော ဦးစီးမှူး) ဖြစ်ပါသည်။ အင်းစိန် သစ်တောခရိုင် အတွင်း ပါဝင်ပါသည်။ လခက လေးရာခန့် ရပြီး သားသမီး ငါးယောက် ရှိသောကြောင့် အတော် ကြပ်တည်းသည် ဟုပင် ဆိုရပါမည်။ သို့နှင့် အလုပ်အား အကြောင်းပြ၍ ကျွန်တော်၏ ကျောင်းဆင်းပွဲကို မလာခဲ့ကြပါ။ မျိုးသိန်း၏ မိခင်သည်လည်း အလုပ်တစ်ဖက်နှင့် မအားလပ် ဖြစ်နေပြီး ရောက်မလာနိုင်ခဲ့ပါ။ (မျိုးသိန်း၏ ဖခင်မှာ သူ ကိုးတန်း ကျောင်းသားဘဝ ကတည်းက ကွယ်လွန် ခဲ့ပါသည်။) ကျွန်တော်တို့ နှစ်ယောက်အတွက် ဧည့်သည်အဖြစ် ကျွန်တော်တို့၏ ကျောင်းဆရာမကြီး ဒေါ်ခင်ခင်အေး တက်ရောက်ခဲ့ ပါသည်။ ယခင်က ဆိုခဲ့ဖူးသည့် စစ်တက္ကသိုလ်သို့ သွားသော ကျွန်တော်တို့၏ သူငယ်ချင်း သိန်းမြင့်သည် ဆရာမကြီး၏ သား အကြီး ဖြစ်ပါသည်။ (ယခုတော့ သံအမတ်ကြီးအဖြစ် မှ အငြိမ်းစား ယူသွားပါပြီ။ ဆရာမကြီး၏ သားအငယ် ကျော်သိန်းမှာ စစ်ထောက်လှမ်းရေးမှ အငြိမ်းစား ဗိုလ်မှူးချုပ် ဖြစ်သည်။)

ကျောင်းဆင်းပွဲကို သင်္ဘောဆိပ်နားရှိ Drill shed တွင် ကျင်းပခဲ့ ပါသည်။
Arthur Ghosh က ရေကြောင်း အုပ်ချုပ်မှု အရာရှိလောင်း တပ်ဖွဲ့ ၏ အကောင်းဆုံး အရာရှိလောင်း အဖြစ် လည်းကောင်း၊ မျိုးသိန်းက ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းတပ်ဖွဲ့ ၏ အကောင်းဆုံး အရာရှိလောင်း အဖြစ်လည်းကောင်း အသီးသီးဆုများ ရရှိခဲ့ကြ ပါသည်။ ကျောင်းဆင်း အရာရှိလောင်းများနှင့် ဧည့်သည်များကို ဗိုလ်လောင်းရိပ်သာတွင် နေ့လည်စာဖြင့် ကျွေးမွေး ဧည့်ခံ ခဲ့ပါသည်။

ကျောင်းဆင်းပွဲ ပြီးသောအခါ ကျွန်တော်လည်း မြေနီကုန်း၊ ရန်ကင်းလမ်း၊ အိမ်နံပါတ် (၁၃) နေအိမ်သို့ ပြန်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်တို့အိမ်ကို တစ်လလျှင် တစ်ရာကျပ်ဖြင့် အငှား ချထားခဲ့သည်။ ကျွန်တော် ဆိပ်ကြီးကျောင်း မတက်မီ အချိန်က ထိုအိမ်ငှားများနှင့်ပင် အတူနေခဲ့ ပါသည်။ သူ့တို့အား တစ်လလျှင် လေးဆယ်ကျပ် ပေးကာ ထမင်းလပေး စားခဲ့ပါသည်။ အိမ်ငှားဖြစ်သူ ဦးမြသိန်း၊ ဒေါ်တင်ကြည် တို့ကား ကျွန်တော့အား သားအရင်းပမာ စောင့်ရှောက်ကြ ပါသည်။ သူတို့ ၏ သမီး မလှိုင်မေ၊သား ကိုအောင်ချို တို့နှင့်လည်း မောင်နှမ ရင်းချာများပမာ ရင်နှီး ခဲ့ကြပါသည်။ မမလှိုင်၏ ယောက်ျား ကိုတင်မောင်သန်းမှာလည်း ကျွန်တော်နှင့် အတော်ပင် လေပေးဖြောင့်သူ ဖြစ်ပါသည်။

ကျောင်းဆင်းပြီးနောက် ကျွန်တော်တို့ အဖွဲ့သည် ကြယ်ငါးပွင့်ရုံးသို့ သတင်းပို့ခဲ့ ရပါသည်။ ထိုစဉ်က ရေကြောင်း အရာရှိချုပ် (Marine Superintendent ) မှာ ဦးကျော်သိန်းလွင် ဖြစ်ပါသည်။ သင်္ဘောသား ရေးရာ မန်နေဂျာ (Crew Manager) မှာ ဦးခင်မောင်မောင် ဖြစ်ပါသည်။ ကျွန်တော်တို့ကို C.D.C (Continuous Discharge Certificate) လျှောက်ထား ရယူရန်အတွက် Bosun မောင်မောင်ဦးမှ လိုက်ပါ ကူညီ ဆောင်ရွက် ပေးခဲ့ပါသည်။

စီဒီစီ ရပြီးနောက် အရာရှိလောင်း ခြောက်ယောက်ကို ရန်ကုန်၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ ပြေးဆွဲနေသော ပြည်တော်ညွန့် ခရီးသည်တင် သင်္ဘောပေါ် တင်ပေးလိုက် ပါသည်။ အရာရှိလောင်း ကျော်ဝင်းနှင့် စိုးမြင့်တို့ နှစ်ဦးသာ ကျန်ရစ်ပါသည်။ ပြည်တော်ညွန့် သင်္ဘော၏ ရေယာဉ်မှူးမှာ Capt.ချာလီတင်ဝင်း ဖြစ်ပါသည်။ Chief Officer ဦးဘလှအောင်၊ Second Officer ဦးစစ်ကျန် (Uniteam Marine မှ Bosun မောင်မောင်နီ၏ဖခင်) ဖြစ်ပြီး Third Officer မှာ Anglo Indian ကပြားတဦး ဖြစ်ပါသည်။ အမည်ကိုတော့ မေ့နေပါပြီ။

Capt. ချာလီတင်ဝင်း မှာ မှုံကုပ်ကုပ်ဖြင့် စကား သိပ်မပြောပါ။ ဟောက်စရာရှိလျှင်တော့ ဟောက်ပါသည်။ မည်သူနှင့်မျှ အရောတဝင် မနေပါ။ အရာရှိအားလုံး၊ သင်္ဘောသားအားလုံး သူ့အား ကြောက်ကြပါသည်။ ဦးဘလှအောင် မှာလည်း ရေယာဉ်မှူးတစ်ဦး ဖြစ်ပြီး အကြောင်းတစ်ခုကြောင့် ရာထူးခေတ္တ ချထားခြင်း ခံနေရချိန် ဖြစ်ပါသည်။ ပုတီးသမား ဖြစ်ပြီး သင်္ဘော၏ Bridge ပေါ်သို့ အမျိုးသမီးများတက်သည်ကို လုံးဝ မကြိုက်သူ ဖြစ်ပါသည်။ ဦးစစ်ကျန်ကား အင်မတန် အေးဆေးသူ ဖြစ်ပြီး၊ Captain ကိုလည်း အင်မတန် ကြောက်တတ် ပါသည်။ အမှန်တွင် Captain သည် ခပ်တည်တည်နေပြီး စကားသိပ် မပြောသောကြောင့်သာ အားလုံး ကြောက်နေကြခြင်း ဖြစ်ပါသည်။ သူသည် မည်သူ့ကိုမှ အပြစ်လိုက် မရှာသလို၊ နေရာတကာ ဝင်ပါခြင်း၊ ဒုက္ခပေးခြင်း၊ ညစ်ပတ်ခြင်းများလည်း လုံးဝမရှိပါ။

ထိုစဉ်က ကျွန်တော်၏ ရှူးဖိနပ်မှာ Barett Leather Sole ဖြစ်ပါသည်။ တစ်နေ့ ကျွန်တော် Bridge ပေါ်သို့ ရောက်နေစဉ် Captain မှ "မင်းဖိနပ်က ဘာဖိနပ်လဲ" ဟု မေးပါသည်။ ကျွန်တော့ဖိနပ် အကြောင်း မည်သူကများ မေးမလဲဟု စောင့်နေသူ ကျွန်တော်ကလည်း ဝမ်းသာအားရဖြင့် "Barrett ပါ ဆရာ။ ကျွန်တော့ဟာက leather sole ပါ။" ဟု ပျိုးလိုက်ရာ "အေး အသံမမြည်အောင် လျှောက်ကွာ" ဟု ပြန်ပြော ပါသည်။ ဖိနပ်အကြောင်း စကားဆက်ရန် ဟန်ရေး ပြင်နေသည့် ကျွန်တော်လည်း ဘယ်လို ဆက်ကြွားရမှန်း မသိ ဖြစ်သွားခဲ့ပါသည်။

ကျွန်တော်တို့ ပြည်တော်ညွှန့် ပေါ် ရောက်ချိန်သည် မိုးရာသီအစ ဖြစ်သောကြောင့် ရာသီဥတု ဆိုးလှ ပါသည်။ လှိုင်းမူးလျှက်ပင် သံချေးခေါက်၊ ဆေးသုတ်၊ ကြမ်းတိုက် စသော အခြေခံ အလုပ်များကို လုပ်ကြရ ပါသည်။ ကျွန်တော်တို့ အားလုံး တဖြည်းဖြည်း စိတ်ဓာတ်ကျလာ ကြပါ သည်။ တစ်နေ့သော် ရဲညွန့်က ကမ်းပေါ်တွင် ပြာတာ လုပ်သည်ကပင် ပို၍ ကောင်းမည် ထင်ကြောင်း ရင်ဖွင့်လာသည်။ ထိုစဉ်က ကျွန်တော်သည်လည်း ထို အတွေးမျိုးပင် တွေးခဲ့မိ ပါသည်။ ကျွန်တော်တို့၏ အရာရှိလောင်း လခမှာ တစ်လ ၁၇၅ ကျပ် ဖြစ်ပါသည်။ ဗယာကျော်သုပ် တစ်ပွဲ တစ်မတ် ဖြစ်သောကြောင့် ဗယာကျော်သုပ် ပွဲပေါင်း (၇၀၀) ဖိုး ဖြစ်သည်။ ယခုခေတ် ဈေးနှုန်း ဗယာကျော်သုပ် တစ်ပွဲငါးရာ နှုန်းဖြင့်တွက်လျှင် ကျပ်သုံးသိန်း ခွဲခန့် ဖြစ်ပါလိမ့်မည်။ ထိုစဉ်က ကမ်းနားရုံး များတွင် နံနက် ကိုးနာရီခွဲ ရုံးတက်ပြီး ညနေ လေးနာရီ ရုံးဆင်းသော ပြာတာမှာ ရှစ်ဆယ့်နှစ်ကျပ် ရသောကြောင့် ပင်လယ်ထဲ (၂၄) နာရီနေပြီး လှိုင်းလေထဲ အလုပ်လုပ်ရသော ကျွန်တော်တို့က မိမိတို့ လခ (၁၇၅) ကျပ်နှင့် နှိုင်းကာ ကလေးတွက် တွက်နေခဲ့ ကြခြင်း ဖြစ်ပါသည်။ ပြည်တော်ညွန့်ပေါ်တွင် ကျွန်တော်တို့ သုံးလခန့် ကြာခဲ့ ပါသည်။

စက်တင်ဘာလတွင် ပြည်တော်ညွန့်မှ ဆင်းရပြီး၊ ကြယ်ငါး ပွင့်၏ လေ့ကျင့်ရေး သင်္ဘောအဖြစ် သတ်မှတ် ထားသော ပုသိမ်သင်္ဘောပေါ်သို့ တက်ခဲ့ရပါတော့သည်။

Friday, May 27, 2011

တရံရောအခါကမြန်မာပြည်မှာ (၁၁)။

ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင်အပြစ်ဒါဏ်မျိုးစုံ
ကျွန်တော့လောက်ခံဘူးသူရှိမည်မထင်ပါ။ ကမ်းတက်ခွင့်အပိတ်ခံရပြီးတာဝန်မှူးကြီးရုံးခန်းတွင်သုံးနာရီတခါလက်မှတ်
သွားထိုးရသည့်အခါလည်း ရှိသည်။နံနက်အလံတင်ကွင်းတွင်ဒိုင်ဗင်ထိုးသည့်အထဲလဲပါသည်။တာဝန်မှူးကြီးရုံးခန်းတွင်လေးလက်မ ကျည်ဆန်ကြီးကိုလဲထမ်းပြီးအကြိမ်လေးဆယ်ထိုင်ထလုပ်ခဲ့ ဘူးပါသည်။တခါကလမ်းလျှောက်တာမညီညာ သောကြောင့်တပ်ဖွဲ့ လိုက်တနာခွဲခန့် အပြေးတက်ကြရပါသည်။

ဒုတိယနှစ်တွင်ရေတပ်ဗိုလ်လောင်းအဖွဲ့ ၁/၆၅ နှင့်အတူပင်လယ်ပြင်လေ့ကျင့်ရေးထပ်ထွက်ကြရပါသည်။ ဤတခါမှာ Navigation လက်တွေ့ လုပ်ရန်ဖြစ်ပြီးကျွန်တော်တို့ နှင့်ဆရာဝင်းဒင်လိုက်ပါသည်။ ရေတပ် ဗိုလ်လောင်းအဖွဲ့ကမူ Engineering Knowledge အတွက်ဖြစ်ပါသည်။

စနေနေ့ညနေ စစ်ရေယာဉ်ရန်မျိုးအောင်ပေါ်သတင်းပို့ရပါသည်။
စနေနေ့သည် ပုံမှန်ဆိုလျှင် ကမ်းတက်ခွင့် ရှိသောနေ့ ဖြစ်ပါသည်။
ကမ်းတက်ခွင့်တောင်းသော်လည်းမရပါ။တာဝန်ကျအရာရှိမှာ ရေတပ်ဗိုလ်လောင်းတပ်ဖွဲ့ ၁/၆၃မှဖြစ်သောကြောင့်ထင်ပါသည်။ဆိပ်ကြီးဗိုလ်လောင်းဆောင်တွင်တူတူနေစဉ် ထဲကကြည့်မရတာဖြစ်ပေလိမ့်မည်။

နောက်တစ်နေ့ မိုးလင်းသည်နှင့် ရန်မျိုးအောင် ပေါ်တွင် နံနက်ချိန်ခါ တေးသံသာ ပါတော့သည်။ တရားခံကတော့ ကျွန်တော်တို့ ဗိုလ်လောင်းများ ဖြစ်ပါသည်။ ဗိုလ်လောင်းများ အလံတင်ရာတွင် ပေါ်မလာ သောကြောင့် စစ်ရေယာဉ်မှူး ဗိုလ်မှူးညွန့်အောင်က အားလုံးကို တန်းစီစေပြီး ဆူပူ ဟိန်းဟောက်ခြင်း ဖြစ်ပါသည်။ ဆိပ်ကြီး ရေတပ် လေ့ကျင့်ရေးကျောင်း၌ တနင်္ဂနွေ နံနက်ဆိုလျှင် သင်တန်းသားများ အလံတင်သော ထုံးစံမရှိခဲ့သဖြင့် ကျွန်တော်တို့ သတိလစ်သွားကြခြင်း ဖြစ်ပါသည်။ ထိုသို့ အစ(First Impression) မကောင်းခဲ့ သော်ငြား သင်္ဘော ထွက်သောအခါ တွင်တော့ ကျွန်တော်တို့ တပ်ဖွဲ့ကို Bridge ပေါ်သို့ ခေါ်ပါသည်။ မြစ်တွင်း သင်္ဘော သွားလာပုံကိုလည်း သေသေချာချာ ရှင်းပြ ပါသည်။ Buoy တွေအကြောင်း၊ Transit တွေ အကြောင်း၊ ရေ အတိမ်အနက်နှင့် ရေစီးကြောင်းများ အကြောင်း ဖြစ်ပါသည်။

ဤတွင် ဆိပ်ကြီးကျောင်းမှ သင်တန်းဆင်းပြီးနောက် ကြယ်ကြီး ငါးလုံး (မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း) သို့ ရောက်ရှိ နေကြသော ကျွန်တော်တို့၏ စီနီယာ အရာရှိလောင်းများ ဖောက်သည် ချသည်ကို သတိရမိ ပါသည်။ သူတို့ထဲမှ အရာရှိလောင်း တစ်ယောက်သည် Chart room ထဲတွင် ကြမ်းတိုက်နေရင်း Chart ကို လှမ်းကြည့် မိသည် ကို Chief Officer မှ မြင်သွားသော အခါ ပြောပုံကလေး ဖြစ်ပါသည်။ Chief Officer မှ Cadet အား "Cadet that's not to your standard (အဲဒါ မင်းအရာ မဟုတ်ဘူး) " ဟူ၍ ဆိုခဲ့ပါသတဲ့။ ထိုစဉ်က ကြယ်ငါးလုံး အရာရှိကြီးများ၏ စေတနာ ထားပုံ ကလေးတွေ ဖြစ်ပါသည်။

ကျွန်တော်တို့ တတွေသည် တာဝန်ကျချိန်တွင် Compass Error စစ်ဆေးခြင်း၊ Compass များ ညွှန်ရာ ကွာခြားမှု နှိုင်းယှဉ်ခြင်း၊ သင်္ဘော တည်နေရာ (Ship Position Fixing) ရှာခြင်း များကို ပြုလုပ်ခွင့် ရပါသည်။ တာဝန်ကျ အရာရှိမှ သူ လုပ်စရာ ရှိတာ သူ့ ဘာသာသူ လုပ်နေသလို၊ လေ့ကျင့်သူ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ဘာသာ သီးသန့် လုပ်ကြခြင်း ဖြစ်သည်။ Radar ကိုလည်း သုံးခွင့်ပြု ပါသည်။

စစ်သင်္ဘောတွင်တာဝန်ကျအရာရှိကအမိန့်ပေးပြီးရဲဘော်များအကုန်လုပ်ပါသည်။ Radar ဖွင့်ပိတ်တာ၊ Chart ရွေးတာ၊လဲတာ၊ Chart ပေါ်သင်္ဘော Position plot လုပ်တာ၊ Flashing သို့မဟုတ် အလံဖြင့် signal ပို့ တာအကုန်ရဲဘော်များလုပ်ကြပါသည်။ Bridge ပေါ်တွင်အမိန့် ပေးတာအားလုံးမြန်မာလိုဖြစ်ပါသည်။ ဦးတည်လမ်းကြောင်း (Course) ပြောရာတွင်"တစ် "နှင့် "နှစ်" မှားမှာစိုးသောကြောင့်၊တစ်ကို"တယော"၊နှစ်ကို"နီလာ"ဟုသုံးပါသည်။ကျွန်တော်တာဝန်ကျသောအချိန်တွင် မှတ်သားဖွယ်အဖြစ်အပျက်တခုဖြစ်ပျက်ခဲ့ ပါသည်။

ကော့သောင်းမှ မြိတ်သို့အသွား မြိတ်ကျွန်းစု ထဲတွင် ဖြစ်သည်။ ကျွန်တော်နှင့် ဆရာဝင်းဒင်မှာ Bridge ပေါ်တွင် Ship Position Fix လုပ်နေကြ ပါသည်။ Altering point (ဦးတည် လမ်းကြောင်း ပြောင်းရန် သတ်မှတ် နေရာ) ရောက်သောအခါ တာဝန်ကျ အရာရှိမှ "ဦးတည် လမ်းကြောင်း သုံးငါးသုည" ဟု အမိန့်ပေး ပါသည်။ အောက်ထပ်ရှိ တက်မခန်းမှ တက်မကိုင် ရဲဘော်က သူကြားသည့် အတိုင်း "ဦးတည် လမ်းကြောင်း သုညငါးသုညပါ ဗိုလ်ကြီး" ဟု
ပြန်အော် ပါသည်။ တာဝန်ကျအရာရှိသည် အမိန့်ပေးပြီးသည်နှင့် အခြားကိစ္စတစ်ခုကို သွားလုပ်နေခဲ့ ပါသည်။ ရဲဘော်က ထုံးစံအတိုင်း ပြန်အော်ပြီး အတည်ပြုချက် ယူခြင်းကိုလည်း ဆုံးအောင် နားမထောင်၊ လုပ်ဆောင်ချက် မှန်မ မှန်ကိုလည်း စောင့်၍ ကြည့် မနေခဲ့ပါ။ တက်မကိုင် ရဲဘော်ကလည်း သူနားလည်သည့်အတိုင်း (၀၅၀) သို့ ဦးတည် လမ်းကြောင်းကို လှည့်ချလိုက် ပါသည်။

သင်္ဘောဦးကား သွားရမည့် လမ်းကြောင်း၏ ညာဖက်သို့ ဒီဂရီ ခြောက်ဆယ်အထိ ကျော်ထွက် သွားသည်။ သင်္ဘောသည် "Three sisters" ကျွန်းဆီသို့ တည့်တည့်ကြီး ဦးတည်သွားနေခဲ့ ပါသည်။ ၎င်းကျွန်းသည် ကျောက်ဆောင် အလွန်ပေါသော ကျွန်းဖြစ်သည်။ တာဝန်ကျအရာရှိကား သင်္ဘောဦးကို ယခုအချိန်ထိ ခေါင်းမော့၍ မကြည့်သေးပါ။ စားပွဲနားတွင်ပင် ကုန်းကုန်း၊ ကုန်းကုန်းဖြင့် အလုပ်တွေ များနေ ခဲ့သည်။ သိပ်မကြာပါ။ ပထမဆုံး ကျွန်တော်က သတိပြုမိပါသည်။ သို့နှင့် ဆရာဝင်းဒင်အား သင်္ဘောရှေ့တွင် ကျွန်းကြီး ရှိနေကြောင်း သတင်းပို့ခဲ့ ပါသည်။ ဆရာဝင်းဒင်မှ တာဝန်ကျအရာရှိကို ပြောနေစဉ် တစ်ချိန်တည်းပင် ဒုစစ်ရေယာဉ်မှူး ဖြစ်သူ ဗိုလ်မှူး Masters ပြေးတက်လာပြီး "တက်မဝဲဆုံး (Hard a' port)" ဟု အမိန့်ပေးလိုက် ပါသည်။ ကံကောင်းပေစွ။ အကယ်၍သာ ကျောက်ဆောင်နှင့် တိုက်မိပါက စစ်သင်္ဘောကြီး သေချာပေါက် ပေါက်ကွဲမည် ဖြစ်ပြီး ကျွန်တော်တို့လည်း အသက်ရှင်ဖို့ မလွယ်ပါချေ။

ဤအဖြစ်အပျက်မှ ရခဲ့သည် တစ်သက်လုံး မှတ်မိနေသည့် သင်ခန်းစာမှာ မြန်မာလို "သုံး" နှင့် "သုည" မှာ နားကြား လွဲနိုင်သည် ဆိုသည် လေးတင် မကပါ။ တာဝန်ကျ အရာရှိဟူသည် မိမိပေးသည့် အမိန့်ကို တက်မကိုင် နားလည် မလည်၊ ကြား မကြား၊ အမှန်အတိုင်း လုပ်ဆောင်မှု ရှိ မရှိကို အမြဲ ဆန်းစစ် နေရန်နှင့် သင်္ဘော ဦးတည် လမ်းကြောင်း ပြောင်းတိုင်း သွားရမည့် လမ်းကြောင်းသစ်တွင် သင်္ဘောဦး အခြေကျ တည်ငြိမ် သွားသည် အထိ အခါမလပ် စောင့်ကြည့်နေရန် ဖြစ်သည်။

ကျွန်တော်တို့ မြန်မာများကား ပြောလျှင်လည်း မကြိုက်သလို အလုပ်တွင် စည်းကမ်းလည်း အလွန်မဲ့ကြသူ များလည်း ဖြစ်ကြပါသည်။ ဘေးအန္တရာယ် ကင်းရှင်းရေး အသိ (Safety Awareness) အလွန် နည်းကြသည်။ လိုအပ်သည်များကို သတိပေးလျှင်လည်း “မလိုပါဘူး၊ လုပ်နေကျပါ” ဟုသာ ဆိုသည်က များ၏။ “ကြောက်လို့လား” ဟူသည်က နောက်ဆက်တွဲ ပါလာသေးသည်။ အမှန်စင်စစ် မြန်မာ သင်္ဘောသားများ မတော်တဆ ဖြစ်ကြ၊ ဆုံးပါးသွား ကြသည်မှာ သင်္ဘောလိုက်သူ ဦးရေနှင့် တွက်ချက်၍ ရာခိုင်နှုန်းအရ ကြည့်မည်ဆိုလျှင် အလွန်များ ပါသည်။ ကျောက်ချထားစဉ် သင်္ဘော၏ ပဲ့ရေစူး (Aft Draft ) ကို ဆင်းဖတ်ရင်း ရေထဲကျ သေဆုံးသူများ၊ Tank Sounding ကို သေသေချာချာ မတိုင်းဘဲ ညာတာ များသောကြောင့် ပင်လယ် သမုဒ္ဒရာ အလယ်တွင် သင်္ဘော ဗိုက်ပေါက်၍ ရေဝင်သည်ကို မသိလိုက်ဘဲ ညအိပ်ချိန် သင်္ဘောမြုပ်ရာတွင် ပါသွားသူများ၊ Chemical Tanker များတွင် လိုအပ်သော အကာအကွယ် မယူဘဲ tank ထဲ ဆင်းသောကြောင့် သေကျေ ပျက်စီးသူများ၊ မသန်မစွမ်း ဖြစ်ကုန်သူများ၊ ဒဏ်ရာ ရသူများ စသည် စသည်ဖြင့် အများကြီး ရှိပေသည်။

ထိုအခေါက်က ရန်မျိုးအောင်နှင့် စီး၍ တိုင်းခန်းလှည့်လည် ခဲ့ကြသော ကျွန်တော်တို့ ဗိုလ်လောင်းအဖွဲ့ သည်ကား ကိုကိုးကျွန်း၊ ပုလဲကျွန်း၊ လန်ပီကျွန်း၊ ဗင်တစ်ကျွန်းနှင့် အခြား မြိတ်ကျွန်းစု အပိုင်ကျွန်းများကို အတော်လေးပင် စုံစုံလင်လင် ရောက်ခဲ့ ပါသည်။ ရောက်ခဲသော နေရာများပင်။

Wednesday, May 25, 2011

ပင်လယ်ထဲမှာသင်္ဘောဘယ်လိုရှောင်မလဲ? ။

ပထမဦးဆုံးသင်္ဘောချင်းတိုက်ခိုက်မှုဖြစ်နိုင်မဖြစ်နိုင်စစ်ဆေးပါ။

သင်္ဘောနှစ်စင်းကြားအကွာအဝေးလျှော့နဲလာပြီး Compass Bearing သိသိသါသါမပြောင်းလျှင်တိုက်နိုင်သည်။ တခြားသင်္ဘောသည်တဖြေးဖြေးဝေးသွားလျှင်သော်၎င်း၊ Compass Bearing နှစ်မိနစ်တခါခန့်ယူကြည့်သော်လည်း သိသိသါသါ (တခါနှင့်တခါဆယ်ဒီဂရီခန့်) ကွာလျှင် မတိုက်နိုင်ပါ။

တိုက်နိုင်ရင်ဘာလုပ်မလဲ? ။

မိမိသင်္ဘော၏ရှေ့တည့်တည့်မှာရှိလျှင်ညာကွေ့ရှောင်ပါ။
ညာမကွေ့နိုင်လျှင်စက်ရပ်ပစ်ပါ။ ဘယ်ကိုလုံးဝမကွေ့ပါနဲ့။

မိမိသင်္ဘော၏ညာဖက်မီးစိမ်းပြထားရာအရပ်တွင်ရှိပါကလည်း၊ ညာကွေ့ရှောင်ပါ၊ အဆင်မပြေကဘယ်ကွေ့နိုင်ပါသည်၊ သို့မဟုတ်သင်္ဘော၏အရှိန်ကိုလျှော့ခြင်း၊ တိုးခြင်းဖြင့်ရှောင်နိုင်ပါသည်။

မိမိသင်္ဘော၏ဘယ်ဖက်မီးနီပြထားရာအရပ်တွင်ရှိပါက စက်မောင်းယာဉ်မှလွဲ၍အားလုံးကိုညာဖက်တွင်တွေ့သည့်အ တိုင်းရှောင်ရမည်။ ဘယ်ဖက်ရှိစက်မောင်းယာဉ်ကရှောင်ပေးသည့်လက္ခဏာမတွေ့လျှင်
ဥသြအသံတိုအနဲဆုံးငါးဆက်တိုက်ဆွဲ၍သတိပေးရ မည်။ သူမရှောင်ကကိုယ်ရှောင်ရမည်။

နောက်မှကျော်တက်ကကျော်တက်သည့်သင်္ဘောကရှောင်ရမည်။ မရှောင်ကဥသြသံတိုအနဲဆုံးငါးချက်ဆက်တိုက်ဆွဲ၍ သတိပေးပါ။ သို့သော်သူမရှောင်ကကိုယ်ရှောင်ရမည်။
ကွေ့လျှင်သော်၎င်း၊ စက်လျှော့လျှင် သော်၎င်း၊ သိသိသါသါလုပ်ပါ။

မီးနီ နဲ့ဘောအမဲကိုသတိထား၊ များလေ ဆိုးလေ ဘဲ။

ဤသည်မှာ Collision Regulations (ROR) အကျဉ်းချုပ်ဖြစ်ပါသည်။

တရံရောအခါကမြန်မာပြည်မှာ (၁၀)။

စီနီယာများ ကျောင်းဆင်း ပြီးသည်နှင့် ကျွန်တော်တို့ တပ်ဖွဲ့ သုံးယောက် တစ်ခန်းမှ နှစ်ယောက် တစ်ခန်း နေခွင့် ရပါသည်။ ကျွန်တော်၏ အခန်းဖေါ်မှာ တင်မောင်ဦး ဖြစ်ပါသည်။ ဗိုလ်လောင်းဆောင်၏ မြောက်ဖက်ခြမ်းတွင် ကျွန်တော်တို့ တပ်ဖွဲ့ (၁၂) ယောက် နှင့်အတူ စီနီယာ အင်ဂျင်နီယာ အရာရှိလောင်း ငါးယောက်၊ ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့ ၁/၆၅ တို့ နေကြ ပါသည်။ ဗိုလ်လောင်း ဆောင်၏ တောင်ဖက်ခြမ်းတွင် စစ်တက္ကသိုလ်
အပတ်စဉ် (၇)ဆင်း ဒုဗိုလ်များ နေကြပါသည်။ ပထမနှစ်လောက် အနေအထိုင် မကြပ်တော့ဘဲ တော်တော်လေး လွတ်လပ် လာပါသည်။

တစ်နေ့တွင်မူ ကျွန်တော်နှင့် စီနီယာ အင်ဂျင်နီယာ အရာရှိလောင်း စိန်ကြုံးတို့ ကျောင်းမှ ခိုးထွက်ပြီး သံလျင်သို့ သွားလည် ကြပါသည်။ တရုတ် စားသောက်ဆိုင်တွင် ထမင်းစားကြ ပါသည်။ ကိုစိန်ကြုံးက ကျွန်တော့ကို ဘီယာ တစ်ဖန်ခွက် တိုက်ပါသည်။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ အရက် မသောက်ဘူးသော၊ အရက်အကြောင်းလုံးဝ နားမလည်သော ကျွန်တော်က "ခင်ဗျားဟာ ရေ လည်း မရောဘူး၊ တော်ကြာ မူးလဲသွား
ရင် ဘယ်နဲ့ လုပ်မလဲဗျ" ဟု ပြောရာ သူက ကျွန်တော့ကို ရေရေလည်လည် ဟားပါလေ တော့သည်။ ကိုစိန်ကြုံးသည် စာတော်သူ တစ်ယောက် ဖြစ်ပြီး ပထမဆုံး အင်ဂျင်နီယာ အရာရှိလောင်း သင်တန်း၏ အကောင်းဆုံး အရာရှိလောင်းဆု (Best Cadet) ရရှိခဲ့ ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် အရာရှိဖြစ်ပြီးနောက် စိတ်ရောဂါကြောင့် အလုပ်မှ အနားယူ ခဲ့ရပါသည်။

နောင် ကျွန်တော် ရေကြောင်းသိပ္ပံတွင် ကျောင်းဆရာအဖြစ် အလုပ် ဝင်သောအခါ ဆင်မလိုက် သင်္ဘောကျင်း အဝင်လမ်းတွင် နေထိုင်သူ ကိုစိန်ကြုံးနှင့် မကြာခဏ ဆိုသလို ဆုံတွေ့ ဖြစ်ကြပါ သေးသည်။ တစ်နေ့တွင် သူ၏အိမ်ရှိ ရေတွင်းထဲကျပြီး ရေနစ်သေဆုံး သွားခဲ့ပါသည်။ ကိုစိန်ကြုံးကား အင်မတန် ရိုးသားပြီး ပွင့်လင်းသူ တစ်ယောက် ဖြစ်ပါသည်။ မှတ်မိပါသေးသည်။ တခါက ဆိပ်ကြီးတွင် တပ်ဖွဲ့ကိုင် အရာရှိ
က ဟိန်းဟောက်ရင်းနှင့် "မင်းတို့ကိုယ် မင်းတို့ ဘာထင်လဲ" ဟုဆိုရာ ကိုစိန်ကြုံးက "Cadet ထင်ပါတယ် ခင်ဗျ" ဟု အရိုးခံဖြင့် ပြန်အော် ခဲ့ပါသည်။

ကျွန်တော်တို့ အရာရှိလောင်းများ၏ ဘဝ ဟူသည်ကား အချိန်ရှိသရွေ့ နေ့နေ့ညည ကျောင်းဝင်းထဲမှာပဲ နေရသည် ဖြစ်ရာ ဘာရယ်မဟုတ် တခါတလေ အပြင်သို့ ခိုးထွက်ပြီး ထမင်းကျော်၊ ခေါက်ဆွဲကျော်လေး စားရသည်ကပင် အရသာ တစ်မျိုး ဖြစ်သည်။ စွန့်စားခန်းကြီး တစ်ရပ် လည်းဖြစ်သည်။ အင်မတန် ပျော်စရာ ကောင်းသည် ဟု ထင်ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော့ ဘဝကို ပြောင်းလဲ ပေးလိုက်သော အဖြစ်အပျက် တစ်ခုကို မကွယ်မဝှက် အမှန်အတိုင်း တင်ပြပါရစေ။

ကျွန်တော် ရေကြောင်းသိပ္ပံ ကျောင်းသို့ ဆရာအဖြစ် ပြောင်းရွေ့စဉ် ၁၉၇၅ တွင် အပတ်စဉ်(၇) မှ ရေကြောင်း အရာရှိလောင်း (၁၂) ဦးသည် ပထမနှစ် သင်တန်းသားများ အဖြစ် ကျောင်းတွင် ရှိနေကြ ပါသည်။ Deck ချည်း ဖြစ်ပြီး အင်ဂျင်နီယာ အရာရှိလောင်းများ မပါပါ။ ကျောင်းရောက်ပြီး နှစ်ပတ်အကြာမှ စ၍ အရာရှိလောင်း သင်တန်း နှင့် ကျန်သင်တန်းများ အားလုံး၏ လေ့ကျင့်ရေးမှူး အဖြစ် တာဝန်ယူခဲ့ ရပါသည်။

ကျောင်းဆရာ ကျွန်တော့ အကြောင်းကို ၁၉၇၅ မှ ၁၉၈၈ အတွင်း သင်တန်း တက်ဖူးကြသူတိုင်း သိကြမည် ထင်ပါသည်။ ကျွန်တော် ကျောင်းတွင်နေခဲ့စဉ် ကာလ တစ်လျှောက်လုံး တပည့်မမွေး ဆရာမမွေးသူ၊ စည်းကမ်း အတိုင်းသာ လုပ်ခဲ့သူ ဖြစ်ပါသည်။ “ဘု”လည်း အင်မတန် ကျသလို အာဏာ၊ ရာထူး နှင့် ပိုက်ဆံကိုလည်း လုံးဝ မမျှော်ကိုးခဲ့သူ၊ သင်တန်းသားများ၏ ကောင်းကျိုးအတွက် သူတို့တစ်တွေ၏ အမုန်းခံကာ၊ မိမိကိုယ်တိုင် အပင်ပန်းခံကာ ပိုက်ဆံ အပိုတစ်ပြား မရဘဲ ဆိုဆုံးမပေးခဲ့သူ ဖြစ်ပါသည်။ သင်တန်းသားများကို နောင်ကြဉ်စေရန် ပြစ်ဒဏ်ပေးခြင်း၊ ဆိုဆုံးမခြင်း များနှင့်သာ ကောင်းရာကို ညွှန်ပြခဲ့ပြီး သင်တန်းသားများ၏ အလုပ်အကိုင်၊ ဘဝတက်လမ်း နှောင့်နှေး နစ်နာစေရေး အတွက် အရေးယူမှုမျိုး (အထက်ကို စာတင်ပြီး ကျောင်းထုတ် ပစ်ခြင်းမျိုး) လုံးဝ လုံးဝ မလုပ်ခဲ့ပါ။

၁၉၈၄ တွင် ဌာနမှူး (ရေကြောင်း) ဦးကျော်ညွန့် ကွယ်လွန် ပါသည်။ ထိုအချိန်က ကျွန်တော့တွင် ကျောင်းဆရာ လုပ်သက် (၉) နှစ် ရှိနေပြီ ဖြစ်ပြီး Master Mariner နှင့် D.M.S (Shipping Management) ဘွဲ့လက်မှတ် များလည်း ကိုင်ထားပါသည်။ သို့သော် အထက်လူကြီးများ အလိုလားဆုံး ဖြစ်သည့် လက်ညိုးထောင် ခေါင်းငြိမ့်၊ လူကြီးကြိုက် ပြောဆို လုပ်ကိုင်တတ်သော အရည်အချင်းတော့ ကျွန်တော့တွင် မရှိခဲ့ပါ။ ထို့ပြင် ကျွန်တော့အား
ဌာနမှူး ရာထူး တိုးပေးလျှင် နောင်တစ်ချိန် ကျောင်းအုပ်ကြီး ဖြစ်လာမည် ကိုလည်း စိုးရိမ်သည် ထင်ပါသည်။ ဇာတ်ပေါင်းထုပ် လိုက်သောအခါ ကျောင်းအုပ် ဖြစ်သူ ဦးတင်လှိုင်သည် သူ့စကား နားထောင်မည့် ဦးထင်ကျော်အား မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အတင်းခေါ်ယူပြီး ဌာနမှူးတာဝန် ယူစေခဲ့ပါသည်။

ဦးထင်ကျော် သည်ကား ၁၉၆၂ တွင် အင်္ဂလန်သို့ သွားရောက် သင်တန်းတက်ခဲ့သည့် နောက်ဆုံးသော မြန်မာ အရာရှိလောင်း ဖြစ်သည်။ စာလုံးဝ မသင်ပြဘူးပါ။ Post graduate study လည်း မတက်ဘူးပါ။ သို့သော် သူ့တွင် Command Experience (ကပ္ပတိန် အဖြစ် သင်္ဘောတွင် လုပ်ဖူးခြင်း) ရှိသည့် အတွက် ထိုရာထူးခန့်ခြင်းဟု အကြောင်းပြ ပါသည်။ အမှန်စင်စစ် ထိုအချိန်က Command Experience ဆိုသည်မှာ ကြယ်ငါးပွင့် သင်္ဘောများတွင် အချိန်မရွေး သွားရောက် ရယူနိုင်သော အခါ ဖြစ်သည်။ ဦးတင်လှိုင် ကိုယ်တိုင်ပင် Examiner Course တက်ရန် Command Experience လိုသည့် အတွက် ကြယ်ငါးပွင့်မှ ပုဂံသင်္ဘောပေါ် တက်ခဲ့ရပါ သေးသည်။ ရေကြောင်းကောလိပ်၏ ဌာနမှူး ဦးဇင်မောင်ထွန်း (ယခုရေကြောင်းတက္ကသိုလ်) သည်လည်း ထိုနည်းအတိုင်း ကြယ်ငါးပွင့်၌ Command Experience ယူခဲ့ရ ပါသည်။ ဦးထင်ကျော် ဌာနမှူးအဖြစ် ကျောင်းသို့ ရောက်လာပြီးနောက် လေ့ကျင့်ရေးမှူး အဖြစ်ပါ တာဝန်ယူခဲ့ ပါသည်။ ဘယ်အချိန်မှ စ၍ လေ့ကျင့်ရေးမှူး ဖြစ်သည်ကိုတော့ တိတိပပ မမှတ်မိ တော့ပါ။

အပတ်စဉ် (၁၉) အရာရှိလောင်းများ သင်တန်း တက်နေစဉ် ၁၉၈၇ ခုနှစ် တွင် ဖြစ်သည်။ ထိုနေ့က တာဝန်ကျ အရာရှိမှာ ကျွန်တော် ဖြစ်ပါသည်။ ညပိုင်းတွင် ထုံးစံအတိုင်း လူစစ်ခဲ့ရာ အရာရှိလောင်း သုံးဦးနှင့် တကွ အခြားသော သင်္ဘောသား၊ သင်တန်းသားများ ခွင့်မဲ့ ပျက်ကွက်နေကြောင်း တွေ့ရပါသည်။ ထိုအရာရှိလောင်း သုံးဦးမှာ

(၁) အင်ဂျင်နီယာ အရာရှိလောင်း မင်းသူ
(၂) အင်ဂျင်နီယာ အရာရှိလောင်း လှဖုန်းအောင်
(၃) ရေကြောင်း အရာရှိလောင်း ဇော်နိုင်လှ တို့ ဖြစ်ကြပါသည်။

ကျွန်တော်လည်း ထုံးစံအတိုင်း လေ့ကျင့်ရေးမှူးထံ အစီရင်ခံစာ တင်လိုက် ပါသည်။ ကျွန်တော် လေ့ကျင့်ရေးမှူးတုန်း ကဆိုလျှင် ဤအမှုမျိုးမှာ ကျွန်တော့ အမိန့်ဖြင့် ကမ်းတက်ခွင့် (Shore Leave) ပိတ်လိုက်ရုံဖြင့် ကိစ္စပြတ်သွားမည် ဖြစ်သည်။ ယခုသော် ထိုသို့မဖြစ်ခဲ့ဘဲ လေ့ကျင့်ရေးမှူးမှ ကျောင်းအုပ်ထံ ဆက်လက် တင်ပြသည်။ ကျောင်းအုပ် လုပ်သူကလည်း ဤကိစ္စလောက်ကို မဖြေရှင်းနိုင်သည် ပဲလား၊ “ငယ်သော အမှု ကြီးအောင်၊ ကြီးသော အမှု သောက်ကျိုးနည်း စေအောင်” စေတနာ ပိုနေ၍ပဲလား မသိ၊ ပို့ဆောင်ရေး ဝန်ကြီးဆီ အထိ ဆက်လက် တင်ပြရာ ဝန်ကြီးမှ အားလုံးကို ကျောင်းထုတ်၊ အလုပ်ဖြုတ်ပစ် လိုက်ပါသည်။ ထိုအရာရှိလောင်း သုံးဦးမှာ မျက်နှာ မရှိကြသည် လည်း ပါပါသည်။ လူကြီးသား များသာဖြစ်ပါက ဤသို့ ဖြစ်မည် မဟုတ်ပါချေ။

ကျောင်းသားမိဘများမှ ကျောင်းအုပ်ကို လာတွေ့ကြသော အခါတွင်တော့ ဦးတင်လှိုင်မှ “တာဝန်ကျ အရာရှိက တိုင်လို့ အရေးယူရတာပါ” ဟု ဆိုကာ ကျွန်တော်နှင့် ကျောင်းသားများကို ရန်တိုက် ပေးခဲ့ ပါသည်။ ကျွန်တော်လည်း အလွန် ဒေါပွသည် ဖြစ်သောကြောင့် ကျောင်းအုပ်ဖြစ်သူ ဦးတင်လှိုင်အား ဤသို့ ပြောခဲ့ပါသည်။

"ကျွန်တော်တို့ ကျောင်းဆရာ ဆိုတာ ကျောင်းသား စာမတတ်ရင် တတ်အောင်၊ စည်းကမ်းမရှိရင် ရှိအောင်၊ စိတ်ဓါတ်ညံ့ရင် ကောင်းအောင် လုပ်ဖို့ပါ။ သူတို့ဘဝ ပျက်စီးအောင် လုပ်ဖို့ မဟုတ်ဘူး ဆရာ။ ကျွန်တော်က စာတင်တိုင်း ဆရာတို့ ဘာမှမလုပ်ဘဲ ဝန်ကြီးဆီ တင်မယ်ဆိုရင် ဆရာတို့ နေရာတွေ … လေ့ကျင့်ရေးမှူးတို့၊ ကျောင်းအုပ်တို့ မလိုဘူး ပြာတာ တစ်ယောက်ပဲ လိုတယ်။”

လူကြီးဆိုသူများမှ လူငယ်တွေ၊ မျက်နှာ မရှိသူတွေ အပေါ် ဤမျှလောက်အထိ ဖိနှိပ်မည်၊ ယုတ်မာမည်ဟု ဘယ်သော အခါကမှ မထင်ခဲ့မိပါ။ ဤကိစ္စ အပြီးတွင်တော့ ကျွန်တော် ရေရေလည်လည် စိတ်ပျက် သွားပါသည်။ လုပ်ချင် ကိုင်ချင်စိတ် များလည်း ကုန်ခမ်းသွား ခဲ့သည်။

ထိုအချိန်က မင်းသူမှာ ကလောမှ ဖြစ်သောကြောင့် ရန်ကုန်တွင် နေစရာမရှိ၍ ကျွန်တော့အိမ်တွင် ခေါ်ထားရ ပါသည်။ နောင် မြောက်ဥက္ကလာပမှ အမျိုးသမီး တစ်ယောက်နှင့် အိမ်ထောင်ကျ ပါသည်။ ကျူရှင် ပြစားနေရာမှ ကျူရှင် ဥပဒေဖြင့် ထောင်ကျသဖြင့် သူ၏ အပတ်စဉ်မှ သူငယ်ချင်းများ ဝိုင်းဝန်း ကူညီကြသည်ဟု ကြားရ ပါသည်။ လှဖုန်းအောင်မှာ ကိုရီးယား သင်္ဘောတွင် လိုက်သွားရာမှ သင်္ဘောမြုပ်သည့် အထဲတွင် ပါသွားသည်ဟု သိရ ပါသည်။ ဇော်နိုင်လှ တစ်ယောက်ကတော့ သင်္ဘောလိုက် နေသေးသည်ဟု ကြားပါသည်။ (၂၀၁၀) က ရန်ကုန်၌ တပည့် ကျောင်းဆင်း အရာရှိလောင်း ဟောင်းများနှင့် ပြန်လည်ဆုံ ဖြစ်ပါသေးသည်။ သူတို့ အရာရှိလောင်း ဘဝက ဘယ်သို့ ဘယ်ပုံ အပြင်ခိုးထွက်သည့် အကြောင်းများကို ပြန်ပြောပြီး ရယ်ကြ မောကြသည့် အခါတိုင်း ကျောင်းထုတ် ခံရ၍ ဘဝပါ ပျက်သွားကြ ရရှာသော ကျွန်တော့ တပည့်ကျော် သုံးဦး အားသတိရမိပြီး အလွန်ပင် စိတ်မကောင်း ဖြစ်မိပါသည်။

Tuesday, May 24, 2011

At Concord, California, 2010.

Stan Khoo @ Hla Aung & Khin Maung Oo.

Latest Photo in Yangon, December 2010.

Front (L to R); Tin Maung Oo, Nyi Nyi, Kyaw Min, Ye Nyunt, Myo Thein, Khin Maung Oo.
Back (L to R): Maung Maung Phone, Soe Myint, Tin Maung Par, Kyaw Win.

ကျောင်းဆင်းသည့်နေ့၊ဧပြီ ၁၉၆၆။

Front (L to R); Soe Myint, Khin Maung Oo, Kyaw Min, Arthur Ghosh, Tin Maung Oo, Hla Aung.
Back (L to R); Maung Maung Phone, Myo Thein, Peter Than Aung, Kyaw Win, Tun Lin Maw,
Ye Nyunt.

တရံရောအခါက မြန်မာပြည်မှာ (၉) ။

ကျောင်းတက်ဖော်များ အကြောင်း၊ စီနီယာများ အကြောင်း ပြီးသော အခါ ကျွန်တော်တို့ (Mercantile Marine Cadets 2nd Batch 1964) အကြောင်းကို ဆက်ပါမည်။ ကိုယ်နှင့် အရင်းနှီဆုံးသူများ အကြောင်း၊ ကိုယ့်အကြောင်း ဖြစ်နေ၍ ကျွန်တော့ အနေနှင့် အသေးစိတ် ပြောပြနိုင် ပါသည်။ အသေးစိတ်လည်း ပြောပြချင်ပါသည်။

၁။ အရာရှိလောင်း Arthur Ghosh။

တောင်ငူ ဇာတိ၊ ဘင်ဂါလီလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ပါသည်။ ဖခင်မှာ လမ်းဝန်ထောက် တစ်ဦး ဖြစ်သည်။ ပထမ အပါတ်စဉ်မှ James Ghosh သည် သူ၏ အစ်ကို အရင်း ဖြစ်ပါသည်။ I.Sc. အောင်ပြီး ဆေးကျောင်း အမှတ်မီ သော်လည်း F.R.C မို့ အပယ်ခံရ ပါသည်။ B.A.(Final) တက်နေရင်း ဤအရာရှိလောင်း သင်တန်းသို့ ဝင်လျှောက်ရာတွင် ရွေးချယ် ခံခဲ့ရ ပါသည်။ စိတ်ဓါတ်ရော အကျင့်စာရိတ္တပါ ကောင်းမွန်ပြီး စွယ်စုံ တော်သူ တစ်ယောက် ဖြစ်သည်။ ဝတ်စား ဆင်ယင်မှု၊ နေမှုထိုင်မှု ကအစ သပ်သပ်ရပ်ရပ်ဖြင့် စည်းကမ်းရှိသူ တစ်ယောက်၊ ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းမွန်ပြီး အများက ချစ်ခင် လေးစားမှု ခံရသူ တစ်ယောက် ဖြစ်သည်။ ကျောင်းနေဖက် သူငယ်ချင်း မကြင်လန်း နှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကား ပါသည်။
Best Cadet (Nautical) ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိခဲ့ပါသည်။

သူသည် ၁၉၇၂ ခန့် ကတည်းက First Mate (FG) အောင်သော်လည်း ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် အရာရှိလောင်း အဖြစ်သာ ဆက်လက် လုပ်ကိုင် နေခဲ့ရသည်။ F.R.C ဖြစ်သောကြောင့် ရာထူးတိုး မပေးခြင်း ဟု သိရပါသည်။ (စကားမစပ် ထိုစဉ်က သူ၏လခမှာ ၂၂၅ ကျပ် ဖြစ်ပါသည်) ထို့နောက် သိပ်မကြာပါ။ သူ၏ သင်္ဘော ကလ္လကတ္တား (Calcutta) ဆိပ်ကမ်း ရောက်နေစဉ် သင်္ဘောပေါ်မှ ဆင်းသွား ပါတော့သည်။ နောက်ပိုင်းတွင် Tomo Shipping ၌ ဝင်ရောက် လုပ်ကိုင်ပြီး
Singapore တွင် Second Mate အဆင့်မှ စပြီး စာမေးပွဲ ပြန်ဖြေပါသည်။ Master (FG) အောင်ပြီးသည့်နောက် စင်ကာပူ အစိုးရပိုင် Neptune Orient Line တွင် Captain အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ စင်ကာပူတွင်ပဲ မိသားစုနှင့် အတူ အခြေချ နေထိုင်ခဲ့ ပါသည်။
၁၉၈၇ ခုနှစ် အစ Persian Gulf တွင် စစ်မီးလောင် နေစဉ် သူ၏ ကုမ္ပဏီမှ သင်္ဘော တစ်စင်း ထိုဒေသသို့ သွားရန် ကြုံလာပါသည်။ စစ်အတွင်း ဖြစ်နေ၍ ထိုသင်္ဘောနှင့် လိုက်ချင်သူ မရှိဖြစ်နေရာ ခွင့်ယူထားချိန် ဖြစ်သော်လည်း Volunteer လုပ်ပြီး သွားခဲ့ ပါသည်။ မတ်လကုန် Persian Gulf မှ ပြန်အထွက်တွင် အီရန်စစ်တပ်မှ ပစ်လိုက်သော ဒုံးကျည်ထိ၍ သင်္ဘော မီးလောင်ပြီး ကွယ်လွန်ခဲ့ ပါသည်။ကွယ်လွန်ချိန်တွင်အသက် (၄၃) ခန့် သာရှိသေး သည်။

၂။ အရာရှိလောင်း Stanley Khoo ခေါ်လှအောင်။

တရုတ်လူမျိုး ဖြစ်ပါသည်။ သူ့အမ၏ အမျိုးသားသည် အခြားမဟုတ်။ ယခင် ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် Deputy General Manager လုပ်သွားသူ ဦးထွန်းရင် ဖြစ်ပါသည်။ ၁၉၇၆ Master (FG) အောင် ပြီးလျှင်ပြီးချင်း မိခင်ရှိရာ အမေရိကားသို့ သွားရောက် အခြေချ နေထိုင်ခဲ့သူ ဖြစ်သည်။ Marine Terminals Corporationတွင် ဝင်ရောက် လုပ်ကိုင်ရာ Regional Manager အထိ ဖြစ်ခဲ့ ပါသည်။ ယခုအခါ တွင်တော့ ကိုယ်ပိုင် ကုမ္ပဏီတစ်ခု ထူထောင်ပြီး အလုပ်ဖြစ် နေပါသည်။
အမေရိကား ရောက်မှ အိမ်ထောင်ကျပြီး သားနှစ်ယောက် ထွန်းကားသည်။ California ပြည်နယ် Concord မြို့တွင် Stan Khoo ဟူသော အမည်ဖြင့် မိသားစုနှင့် အတူ နေထိုင်လျက် ရှိပါသည်။ Half Moon Bay မြို့ရှိ ဓမ္မာနန္ဒ ဘုန်းကြီးကျောင်းတွင် အခြေစိုက်သော Theravada Buddhist Society of America (TBSA) အသင်းကြီး၏ ဥက္ကဌလည်း ဖြစ်ပါသည်။

၃။ အရာရှိလောင်း Alphonse Genu ခေါ် မောင်မောင်ဖုန်း။

တွံတေးမှ ဦး Genu ၏သား ဖြစ်ပါသည်။ ဌက်အော်စန်း ကျောင်းထွက် ကရင် ခရစ်ယန် တစ်ယောက် ဖြစ်ပါသည်။ ဆိပ်ကြီး ကျောင်းဆင်းခါနီးမှ မောင်မောင်ဖုန်း ဟူသော အမည်သို့ ပြောင်းခဲ့သည်။ လေးခွပစ် အလွန်ကောင်းပြီး ဖမ်းမိသမျှ သတ္တဝါအကုန် စားသော ပုဂ္ဂိုလ် ဖြစ်ပါ၏။ အိမ်ထောင်ကျပြီးနောက် သမီးနှစ်ယောက်၊ သားတစ်ယောက် ထွန်းကား ပါသည်။ Regional Container Lines (RCL) တွင် Captain အဖြစ် နောက်ဆုံး လိုက်ခဲ့ပြီး အနားယူ
သွား ပါသည်။

၎။ အရာရှိလောင်း ကျော်မင်း။

ဦးဘချစ်၏ သားဖြစ်ပြီး လှည်းတန်းတွင် နေထိုင်ပါသည်။ T.T.C. ကျောင်းထွက် ဖြစ်ပါသည်။
အမ၏ သူငယ်ချင်းဖြစ်သူ မရီရီသော်နှင့် အိမ်ထောင်ကျ ပါသည်။ ဇနီးသည်အားအလွန်ချစ်ပြီး၊ဇနီးသည်၏စကားကိုအမြဲနားထောင်ပါသည်။
ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် တောက်လျှောက် လုပ်ကိုင်ခဲ့ပြီး Captain အဖြစ် အနားယူခဲ့ ပါသည်။ ယခုအခါ လှိုင်သာယာ FMI City တွင် မိသားစုနှင့် အတူနေထိုင်လျက် ရှိပါသည်။ သူသည်လည်း မြေးတို့၏ ဖိုးဖိုးကြီး ပါပဲ။

၅။ အရာရှိလောင်း ခင်မောင်ဦး။

ကျွန်တော့ကို အဖ ဦးမောင်မောင်၊ အမိ ဒေါ်အုန်းကြည်တို့မှ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မွေးဖွားခဲ့ ပါသည်။ မွေးချင်း ငါးယောက်အနက် အကြီးဆုံး ဖြစ်ပါသည်။ ညီမသုံးယောက် ရှိပြီး အငယ်ဆုံးညီမှာ Mercantile Marine Cadet 11th Batch (Nautical) 1979 မှ ခင်မောင်ထွေး ဖြစ်ပါသည်။ (ယခု Australia, Perth မြို့တွင် မိသားစုနှင့်အတူ အခြေချ နေထိုင်နေသည်) ။

၁၉၆၆ ဆိပ်ကြီး ကျောင်းဆင်း ပြီးချိန်မှ စ၍ ၁၉၇၅ အထိ ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ၁၉၇၀ တွင် တင်တင်ဝင်း နှင့် လက်ထပ် ပါသည်။
၁၉၇၅ တွင် ရေကြောင်းသိပံ္ပ ကျောင်းသို့ ပြောင်းရွေ့ ခဲ့သည်။ ၁၉၇၆ ဧပြီလတွင် Master (FG) အောင်ပြီး အမြဲတန်း ကထိက ဖြစ်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် အပတ်စဉ် (၁၉) မှ အရာရှိလောင်း သုံးဦးကို သင်တန်းမှ ထုတ်ပယ်မှုနှင့် စပ်လျဉ်း၍ ကျောင်းအုပ်ဖြစ်သူ ဦးတင်လှိုင်နှင့် အကြီးအကျယ် စကားများခဲ့ ပါသည်။ ထိုစဉ်က ထုတ်ပယ်ခြင်း ခံရသူ ကျောင်းသားများ အတွက် လွန်စွာ စိတ်မကောင်း ဖြစ်မိပြီး စိတ်စေတနာ မကောင်းသော လူကြီးများနှင့် အလုပ်တွဲ လုပ်ချင်စိတ် လုံးဝ ကုန်ခမ်း သွားခဲ့ပါသည်။

ထိုသို့ ဖြစ်နေစဉ် ၁၉၈၈ အရေးအခင်းကြီး ပေါ်လာပါသည်။ ဆန္ဒပြသူ ကျောင်းသားများအား လိုက်ပါ စောင့်ရှောက်ရင်း ကျွန်တော်လည်း အရေးအခင်းတွင် ပါဝင်ခဲ့ ပါသည်။ အရေးအခင်း အပြီးတွင် ကျောင်းအုပ်ဖြစ်သူ ဦးတင်လှိုင်မှ "မင်းကို ဝန်ကြီးက ထွက်ရင် ကောင်းမယ်တဲ့" ဟု ပြောရာ ကျွန်တော် လည်း တစ်ခါတည်း ထွက်စာ တင်လိုက် ပါသည်။ ထိုစဉ်က ကျွန်တော်၏လခမှာ ၁၅၀၀ ကျပ် ဖြစ်သည်။ (USD 1= K.45/- ခန့် ရှိသောအချိန်)

မေလတွင် ထွက်ခွင့် ကျပြီး ဂျွန်လတွင် Gewin Company မှ Panamax Bulk Carrier "Araucaria" ပေါ်တွင် Chief Officer အဖြစ် အလုပ်ရ ပါသည်။ ငါးလခန့် လုပ်ပြီး သောအခါ Command ရပါသည် (ကပ္ပတိန် အဖြစ် ရာထူးတိုးပါသည်)။ ထိုသင်္ဘောတွင် တစ်နှစ် တာဝန် ထမ်းဆောင်၍ အိမ်ပြန်ရောက်ပြီး သိပ်မကြာပါ။ ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် Malaysia Maritime Academy (ALAM), Malacca, Malaysia တွင် Senior Lecturer in Nautical Studies အဖြစ် ပြောင်းရွေ့ လုပ်ကိုင် ခဲ့ပါသည်။

၁၉၉၆ ခုနှစ် အကုန်တွင် မိခင်ဖြစ်သူ နာမကျန်း ဖြစ်ရာ ရန်ကုန်သို့ ပြန်လာခဲ့သည်။ ကျွန်တော့မိခင်၏ နောက်ဆုံး နေ့ရက်များတွင် မိခင်နား၌ နေရင်း Uniteam Marine Company တွင် စာသင်ပြ ပေးသော အလုပ်လုပ်ခဲ့ ပါသည်။ ၁၉၉၇ ခုနှစ် မေလတွင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ ပါသည်။ သို့နှင့် ဇနီးရှိရာ အမေရိကား၊ ကာလီဖိုးနီးယားသို့ သမီးထွေး ဇင်ဝေထိုက် ခေါ် သုသု နှင့်အတူ ၁၉၉၈ ခု မေလတွင် ပြောင်းရွေ့ ခဲ့ပါတော့
သည်။ (ထိုအချိန်က အကြီးဆုံးသမီး အေးငြိမ်းဦးနှင့် သားလတ် မင်းသူရိန် တို့မှာ အိမ်ထောင် အသီးသီးကျနေကြပြီ ဖြစ်ရာ မြန်မာပြည်တွင်ပဲ ကျန်နေရစ်ကြ ပါသည်) ကျွန်တော် အနေနှင့် ယခုအခါ အလုပ်မလုပ် တော့သော်လည်း အငြိမ်းစားတော့ မရသေးပါချေ။ ဘွားဘွားကြီး၏ ဘိုးဘိုးအဖြစ်မှသည် မြေးသုံးယောက် တို့၏ ဘိုးဘိုးကြီး အဖြစ် ရာထူးတိုးနေပြီ မဟုတ်ပါလား။

၆။ အရာရှိလောင်း ရဲညွန့်။

အဖ-ဗိုလ်ကြီးစံရွှေ ဖြစ်ပါသည်။ မင်္ဂလာ တောင်ညွန့်တွင် နေခဲ့ ပါသည်။
မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် အလွန် စည်းကမ်းတင်းကြပ်သော (ကျစ်သော) Captain အဖြစ် နာမည်ကြီးခဲ့ ပါ၏။ မမြမြသန်းနှင့် အိမ်ထောင်ကျကာ သားတစ်ယောက် ထွန်းကား ပါသည်။ ဇနီးသည် ကွယ်လွန်သွားချိန် မှစ၍ အလုပ်မှ အနားယူကာ တရားအလုပ် လုပ်လျှက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ် Oasis Lane တွင် နေထိုင်လျက် ရှိပါသည်။ သားတော်မောင် ကတော့ အိမ်ထောင်ပြုပြီး သည့်နောက် Australia ၌ နေထိုင်လျက် အခြေကျ နေပါပြီ။ သူသည်လည်း ဖိုးဖိုးကြီး အဖွဲ့ဝင် ဖြစ်ပါ၏။

၇။ အရာရှိလောင်းကျော်ဝင်း။

အဖ-သစ်တောခရိုင်ဝန် ဦးစိန်ဘွား ဖြစ်ပါသည်။ မေမြို့ St. Albert ကျောင်းထွက် ဖြစ်သည်။ အားကစား တော်သည်။ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလိုင်း လိုက်ပြီးနောက် ရန်ကုန် ဆိပ်ကမ်းတွင် ရေကြောင်းပြ (Pilot) အဖြစ် ဝင်ရောက်လုပ်ကိုင် ပါသည်။ တစ်ဖက်က ရေကြောင်း ကျူရှင်ဆရာ လည်း လုပ်လိုက် ပါသေးသည်။ ထိုမှတဖန် မလေးရှား Port Klang တွင် ရေကြောင်းပြ လုပ်ပြန် ပါသည်။ ဇနီး ဖြစ်သူ မလှလှသန်း အမေရိကန်အသံ (Voice of America) တွင် အလုပ် ရသောအခါ အမေရိကားသို့ ပြောင်းရွှေ့ အခြေချ ခဲ့ပါသည်။ ယခုအခါ အမေရိကတွင် ကိုယ်ပိုင် Company ထူထောင်ပြီး Loss Control Surveyor လုပ်နေ ပါသည်။ သမီးနှစ်ယောက် သားတစ်ယောက် ရှိပါသည်။ မည်သူမျှ အိမ်ထောင်ကျသည်ဟု မကြားမိ သေးပါ။ Maryland ပြည်နယ်၊ Silver Spring တွင် နေထိုင်လျက် ရှိပါသည်။ Mercantile Marine Cadet 9th Batch 1977 မှ ဖုန်းမြင့်သည် သူ၏ညီအရင်း ဖြစ်ပါသည်။

၈။ အရာရှိလောင်း စိုးမြင့်။

အဖ- ဦးဘဆင် ဖြစ်ပါသည်။ St. Paul ကျောင်းထွက် ဖြစ်၍ ကျောင်းနာမည် Harry Sin ဖြစ်ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်း၏ Captain၊ ထို့နောက် Deputy GM (Research) အဖြစ် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစား ယူခဲ့ပါသည်။ ဇနီးသည်မှာ မချိုချိုအောင်ဖြစ်ပြီး သမီး နှစ်ယောက်၊ သား တစ်ယောက် ထွန်းကား ပါသည်။ သူ၏သားသည်လည်း ရေကြောင်းသိပ္ပံ ကျောင်းဆင်း ရေကြောင်း အရာရှိ တစ်ယောက်ပင် ဖြစ်ပါသည်။

၉။ အရာရှိလောင်း မျိုးသိန်း။

သူငယ်တန်း ကတည်းက ကျွန်တော်နှင့် တစ်တန်းထဲ ကျောင်းနေဖက် သူငယ်ချင်း ငယ်ပေါင်း ဖြစ်ပါသည်။ ရေကြောင်းလောက ထဲတွင်လည်း အတူတူ ဝင်ရောက် ကျင်လည် ခဲ့ကြ ပါသည်။ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ မခင်မျိုးသန်းနှင့် အိမ်ထောင်ကျ ပြီး သားလေးယောက် ထွန်းကား ပါသည်။ သူလည်း ဖိုးဖိုးကြီးပင် ဖြစ်လို့ နေပါပြီ။

ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် Chief Engineer ဖြစ်ပြီးနောက် ရေကြောင်းဦးစီး ဌာနသို့ ပြောင်းရွေ့ ခဲ့ပါသည်။ နောင် ရေကြောင်းဦးစီး ညွှန်ကြားရေးမှုး (စက်) အဖြစ် အငြိမ်းစား ယူပါသည်။ သူသည် လူအများနှင့် လိုက်လျောညီထွေ ဖြစ်အောင် မနေတတ်သူ ဖြစ်၍ တော်တော်များများက သူနှင့် မတည့်ကြပါ။ ယခုအခါ Uniteam Marine Company တွင် စာသင်ပြ နေပြီး ကမာရွတ်တွင် နေထိုင်လျက် ရှိပါသည်။ (Best Cadet (Engine) ဆုကိုရရှိခဲ့ပါသည်။)

၁၀။ အရာရှိလောင်း ထွန်းလင်းမော်။

ဗိုလ်မှူးကြီး လှမော်၏ သား ဖြစ်ပါသည်။ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း Chief Engineer အဖြစ် အငြိမ်းစား ယူပါသည်။ အိမ်ထောင်ကျပြီးနောက် သမီးသုံးယောက် ထွန်းကား ပါသည်။ ယခုအခါ ပြည်ဖက်တွင် ခြံလုပ်ငန်း လုပ်နေသည်ဟု သိရပါသည်။ သူလည်း မြေးတို့၏ ဖိုးဖိုးကြီး ပါပဲ။

၁၁။ အရာရှိလောင်း ပီတာသန်းအောင်။

ဒေါက်တာ သန်းအောင် (TB Specialist) ၏ သား ဖြစ်သည်။ ကျွန်တော်တို့ ထဲတွင် ရှားရှားပါးပါး လူပျိုကြီး ဖြစ်ပါ၏။ ကြယ်ငါးပွင့် သင်္ဘောလိုင်း တွင် Chief Engineer ဖြစ်ပြီးနောက် ဘန်ကောက်တွင် Germanicher Lloyds Class Surveyor အဖြစ် လုပ်ကိုင် ခဲ့ပါသည်။ ယခုအခါ ရန်ကုန်၊ နတ်မောက်လမ်း တွင် နေထိုင်လျက် ရှိပြိး Surveyor အဖြစ်ပင် လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။

၁၂။ အရာရှိလောင်း တင်မောင်ဦး။

မအူပင်သား ဖြစ်ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် Chief Engineer ဖြစ်ပြီး ရေကြောင်း သိပ္ပံကျောင်းတွင် ဆရာအဖြစ် ဝင်ရောက် အမှုထမ်း ပါသည်။ ဌာနမှူး (စက်) အဖြစ် အငြိမ်းစား ယူခဲ့ပြီး ယခုအခါ စမ်းချောင်း မြေနီကုန်း မြေနုလမ်း တွင် မိသားစုနှင့် အတူ နေထိုင်လျက် ရှိပါသည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါသည်။

Monday, May 23, 2011

တရံရောအခါက မြန်မာပြည်မှာ (၈)။

တစ်နေ့တွင် ထမင်းဟင်း သွားယူချိန် ရောက်နေသော်လည်း မည်သည့် အကြောင်းကြောင့် မသိ ထမင်းဟင်း သယ်ယူပေးမည့် အလုပ်သမားများ အချိန်မီ ရောက်မလာကြပါ။ ထမင်းဟင်း များ ကို သွားရောက် သယ်ယူ ပေး မည့် ကားကလည်း ရောက်နေပြီ ဖြစ်သည်။ ဤတွင် DSA အပတ်စဉ် (6) မှ ဒုဗိုလ်များ ကောက်ခါငင်ကာ ထလိုက်သွား ကြသည်။ မကြာမီပင် ထမင်းသယ်၊ ဟင်းသယ် ကားကြီး ပြန်ရောက်လာပြီး သူတို့ပင် ထမင်းဟင်းများ ဝေပုံကျ ထည့်ပေးခြင်း၊ ထမင်းပွဲ ဟင်းပွဲများ ပြင်ပေးခြင်းကို အစအဆုံး လုပ်ကိုင် ကြပါသည်။ ကြည့်ပါ၊ အမှန်တကယ် ဆိုလျှင် သူတို့သည် ဒုဗိုလ်များ၊ အရာရှိများ ဖြစ်ကြသည်။ အလုပ်သမားများ ဘာကြောင့် မလာသနည်းဟု မြည်တွန် တောက်တီးကာ ကျွန်တော်တို့ ဗိုလ်လောင်းများကို မင်းတို့ သွားယူချေ ဟု ခိုင်းလိုက်လျှင် အလွယ်လေး ဖြစ်သည်။ သို့သော် ထိုသို့ မလုပ်ဘဲ သူတို့ကိုယ်တိုင် လုပ်စရာ ရှိတာကို ထလုပ်ကြ ပါသည်။ မိမိတို့ ရာထူး၊ အဆင့်အတန်းများကို မစဉ်းစားဘဲ ကျောင်းတက်ဖော် ညီငယ်များ ဗိုက်ဆာ နေကြ ပေမည် ဟူသော သနားစိတ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ အနစ်နာခံ လုပ်ပေးကြသော ချစ်ခင်လေးစားဖို့ ကောင်းသည့် ရဲဘော်စိတ်ပင် ဖြစ်ပါသည်။ ထိုနေရာတွင် သီးမွှေးဌက်ပျောသီးဘဝရှင်မင်းတြားကြီး များသာ ဖြစ်မည် ဆိုပါက အလုပ်သမား များလည်း မိုးမီးလောင် သွားမည် ဖြစ်သလို ကျွန်တော်တို့လည်း ထိုနေ့က ထမင်းငတ် သွားနိုင်ပါသည်။

ကျွန်တော်တို့၏ ကျောင်းနေဖက် ရေတပ်ဗိုလ် အရာရှိများ ကျွန်တော်တို့ကို ဘယ်လောက် ညှာတာကြသည်ကို နောက်ထပ် သာဓက တစ်ခု ပြပါ ဦးမည်။ တခါက နံနက် အလံတင်ရန် ကျွန်တော် အချိန်မီ ရောက်မသွားဘဲ နောက်ကျ နေသောကြောင့် အသာရှိုပြီး လစ်ပြန်လာရာ လမ်းတွင် DSA အပတ်စဉ် (6) မှ ဒုဗိုလ် ဖုန်းမြင့် နှင့် မျက်နှာချင်းဆိုင် ဆုံကြ ပါသည်။ သူက အလံတင် ကိစ္စကို မဟဘဲ "ဟေ့ကောင်၊ အရာရှိ တွေ့ရင် ဘာလုပ်ရမလဲ သိလား?" ဟု မျက်နှာထား ဖြင့် စမေးပါသည်။ ကျွန်တော် က အရိုးခံဖြင့်ပင် ဒီလူဟာ စစ်တက္ကသိုလ် ကျောင်းဆင်းသာ ဆိုတယ် ဒါလေးတောင် မသိပါလား ဟု ထင်လိုက် မိပါသည်။ "အလေးပြု ရမှာ ပေါ့ဗျ" ဟု ပြန်ဖြေလိုက် ပါသည်။ ထိုအခါ သူက "အေး ဒါဆို မင်း ဘာလို့ အခု အလေးမပြုတာလဲ? နောက်တစ်ခါဆို မင်းမလွယ်ဘူး" ဟု ဟောက်ပါသည်။ ထိုအခါမှ ကျွန်တော်လည်း သူတို့ အရာရှိ ဆိုတာကို သတိရမိ ပါသည်။
အလံတင် နောက်ကျမှု ကြောင့် စိတ်ဆိုး၍သာ သူ့ဆီမှ ထိုအသံ ထွက်လာခြင်း ဖြစ်ပါလိမ့်မည်။ ထိုစဉ် အခါက ကျွန်တော်ပင် မဟုတ်ပါ။ အခြား မည်သည့် အရာရှိလောင်းကမှလည်း တစ်ဆောင်တည်း အတူနေကြသူ သူတို့ တစ်တွေအား အရာရှိများ ဟူ၍ အလေးပြုခြင်း မရှိခဲ့ကြပါ။ သူတို့ အရာရှိများ သည်လည်း မည်သူ့ကိုမျှ အလေးပြုရန် ခိုင်းစေခြင်း မရှိခဲ့ ကြပါချေ။

ကိုဖုန်းမြင့်တို့ ကျောင်းဆင်းပြီးနောက် သူ နှင့် ကျွန်တော် တစ်ခါမှ ပြန်မဆုံ ဖြစ်ကြတော့ပါ။ ၁၉၉၁ ခုနှစ် တွင် ကျွန်တော် မလေးရှား ကျောင်း(Malaysian Maritime Academy) သို့ သွားရန် Passport လျှောက်သော အခါမှသာ ကိုဖုန်းမြင့်အား မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ ဥက္ကဌ ဒုဗိုလ်မှူးကြီး ဖုန်းမြင့် အဖြစ် ကြား သိရပါသည်။ ထိုအချိန်က ကျွန်တော်သည် Passport အမြန် လိုအပ် နေခဲ့သည် ဖြစ်ရာ သူတို့တပ်ဖွဲ့မှ
ဗိုလ်မှူးလှထွန်း အကူအညီဖြင့် သူ၏အိမ်သို့ ညကြီးမင်းကြီး သွားခဲ့ပါသည်။ သူမရှိ၍ အကျိုးအကြောင်း စာရေးကာ အိမ်တွင် ရှိနေသော အိမ် ဖေါ်မလေးကို မှာကြား ခဲ့ပါသည်။ လူချင်း မတွေ့လိုက်ရ သော်ငြား သူ၏ကျေးဇူးဖြင့် Passport ကို မြန်ဆန် ချောမောစွာ ရရှိခဲ့ ပါသည်။ ကိုဖုန်းမြင့်သည် နောင်အခါ သံအမတ်ကြီး ဖြစ်သွားပြီး အငြိမ်းစား ယူသွားသည်ဟု သိရပါသည်။ ယနေ့ အထိလည်း မတွေ့ ကြသေးပါ။ ကျွန်တော် ထပ်၍ ပြောလိုသည်မှာ ဘဝ၏ အချိန်အပိုင်းအခြား အနည်းငယ်မျှ လောက်သာ အတူနေခဲ့ ရသော်လည်း ကျွန်တော်တို့၏ ရဲဘော်စိတ် နှင့် စေတနာကား နှစ်ပေါင်းများစွာ ကြာသည့်တိုင် တစ်ပြားမျှ မလျှော့ခြင်းပင် ဖြစ်ပါသည်။

ကျွန်တော်တို့ ကုန်သွယ်ရေကြောင်း ဗိုလ်လောင်း တပ်ဖွဲ့ဖက်ကို ပြန်လှည့်ပါမည်။ အတူအိပ်၊ အတူစား၍ အတူ နေသည်မှာ ကြာလာသည် နှင့်အမျှ တစ်ယောက် အကြောင်း တစ်ယောက်လည်း ပိုသိလာ ကြပါသည်။ ထိုအခါ မြန်မာတို့ ထုံးစံအတိုင်း အကွဲအပြဲ ဇာတ်လမ်းလေး များလည်း စတင် လာပါတော့သည်။ ကျွန်တော်တို့ ၏ Engineerအရာရှိလောင်းများ ဆိုလျှင် လေးယောက် ကအဖွဲ့ လေးဖွဲ့ ကွဲခဲ့ပါသည်။ တယောက်တဖွဲ့ဖြစ်ပါသည်။
တခါကမူ မြက်ခုတ်နေရင်း ကျော်ဝင်းနှင့် မျိုးသိန်းတို့ စကားများ ကြပါသည်။ နှစ်ယောက်စလုံး အရပ်ရှည်ရှည် ဗလကောင်းကောင်း ဖြစ်ကြသည်။ ကျန်လူများ မည်သူမှ ဝိုင်းမဆွဲကြဘဲ ဝိုင်း၍ လက်ခုပ်တီး ပေးကြ ပါသည်။
"ဟေ့ကောင် မျိုးသိန်း လက်ထဲက ဒါးနဲ့ ခုတ်ပါတော့လား " ဟု ဆိုသူကဆို၊ "ဟေ့ကောင် ကျော်ဝင်း ကြောက်သလားကွ" ဟု အော်သူက အော်ကြပါသည်။ သူတို့ နှစ်ယောက် ခမျာတော့ ဘာလုပ်ရမှန်း မသိဘဲ ကြောင်တောင်တောင် ကလေး ကြည့်နေရင်း နောက်ဆုံးတွင် ပွဲပြီးသွား ခဲ့ပါသည်။ ယခုအချိန် မှာတော့ ထို အဖြစ်အပျက် ကလေးများသည် လွမ်းစရာလေး များသာ ဖြစ်ကုန်ပါပြီ။ ကျောင်းတက်ဖော် အားလုံး သည်လည်း တစ်ယောက် အကျင့် တစ်ယောက် သိပြီးသော ညီအကိုရင်း များလို ပြောမနာ၊ ဆိုမနာများ ဖြစ်နေကြပါပြီ။ ကျွန်တော်တို့ ကုန်သွယ်ရေကြောင်း ဗိုလ်လောင်း အချင်းချင်းသာ မဟုတ် ကြပါ။ ထိုစဉ်က အတူတူ နေခဲ့ကြသော ရေတပ်မတော် အရာရှိများ နှင့်လည်း ထို့အတူပင် ဖြစ်ပါသည်။ (ယခုအခါ သူတို့တတွေလည်း အားလုံးလိုလိုပင် အငြိမ်းစား ယူကုန်ကြပြီ။)

ကျွန်တော်တို့ ဘရုတ်ကျ ခဲ့သည် များကိုလည်း ဖောက်သည်ချ ပါဦးမည်။ ဆိပ်ကြီးကျောင်းတွင် ကျွန်တော်တို့ အားလုံးအား အနီးကပ် ထိန်းသိမ်းရန်နှင့် ဦးစီးကွပ်ကဲရန် အတွက် နေ့စဉ် တာဝန်ကျ အရာရှိ တစ်ဦး ထားပါသည်။ ဒုတိယနှစ် အရောက် တစ်ညတွင် ထုံးစံအရ တာဝန်ကျအရာရှိသည် အခန်းများသို့ ည (၈)နာရီတွင် လာရောက် စစ်ဆေး ပါသည်။ ထိုညက တာဝန်ကျ အရာရှိ လာရောက်ချိန်မှာ နောက်ကျနေ သောကြောင့် ကျွန်တော်တို့ အခန်းမှ တံခါး ဖွင့်မပေးခဲ့ပါ။ တာဝန်ကျ အရာရှိမှာ DSA အပတ်စဉ် (6) မှ ဗိုလ်ကြည်မင်း (နောင် ဒု ဗိုလ်ချုပ်ကြီး၊ တပ်မတော် စစ်ဦးစီးချုပ် ရေ) ဖြစ်ပါသည်။ ဗိုလ်ကြည်မင်း ခမျာ ဒေါပွပြီး အခန်းတံခါးကို ခြေထောက်နှင့် ကန်ဖွင့်ကာ ဝင်လာ ပါသည်။ ထိုအခါမှ အခန်းတွင်းရှိ ကျွန်တော်တို့ အားလုံးလည်း ကမန်းကတန်း ထပြီး သတိဆွဲ ကြရပါသည်။ မျက်နှာသေ ကလေးတွေဖြင့် ဖြစ်သည်။ သူလည်း ကျွန်တော်တို့ကို အားရအောင် ဆူပူပြီှး ပြန်ထွက် သွားပါသည်။ ဘာပြစ်ဒဏ်မှတော့ မပေးပါ။ ထိုအခါကျမှသာ ကျွန်တော်တို့လည်း “ဟင်း”ချနိုင်ပါသည်။

ကျွန်တော်တို့၏ စီနီယာများ ထဲမှ အင်ဂျင်နီယာ အရာရှိလောင်း ကျော်မြင့် (နောင် ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် ရေကြောင်း အင်ဂျင်နီယာချုပ် - ကွယ်လွန်) သည် ကျွန်တော်တို့ဆီသို့ အမြဲလာပြီး အကသင် ပေးပါသည်။ သူသည် ဂီတာလည်း ကောင်းစွာ တီးတတ်သူ ဖြစ်ပြီးသီချင်းလည်းဆိုပါသည်။ အရာရှိလောင်း အေးထွတ်၊ အရာရှိလောင်း ပရဲယားတို့နှင့် အတူ The Seafarers (Oversea Seafarer မဟုတ်ပါ) ဟူသော တီးဝိုင်း(Band) တစ်ခုထောင်ထား ပါသည်။ အရာရှိလောင်းအေးထွတ်နှင့်ကျော်မြင့်တို့
ကဂီတာတီး၍အားလုံးဝိုင်းဆိုကြပါသည်။ ထိုစဉ်အခါ မြန်မာ့အသံမှ ၎င်းတို့ အဖွဲ့၏ သီဆိုတီးခတ်မှုများကို မကြာမဏ အသံလွှင့်ပေးခဲ့ ပါသည်။ နောင်တွင် ကျွန်တော်တို့ အပတ်စဉ်မှ ကျော်မင်းလည်း The Seafarers တီးဝိုင်းအဖွဲ့ဝင် ဖြစ်လာပါသည်။

Sunday, May 22, 2011

တရံရောအခါက မြန်မာပြည်မှာ (၇)။

ကျွန်တော်တို့နှင့် ကျောင်းတက်ဖော်များ အကြောင်းလည်း ပြောရ ပေဦးမည်။ ဗိုလ်လောင်းဆောင်တွင် အတူတကွ နေထိုင်သော ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့မှ ဗိုလ်လောင်း များသည် ကျွန်တော်တို့နှင့် စာလျှင် လူကြီးများ ဖြစ်ကြသည်။ အနိမ့်ဆုံး ပညာအရည်အချင်းမှာ I.Sc အောင်ပြီး အများအားဖြင့်မူ ဘွဲ့ရများ ဖြစ်ကြသည်။ ထူးခြားချက် တစ်ခုမှာ ကျွန်တော်တို့ ရောက်စဉ်က ရှိနှင့်နေပြီး ဖြစ်သော ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့ နှစ်ဖွဲ့မှာ ရေတပ်မှ တိုက်ရိုက် ခေါ်ယူသော နောက်ဆုံး နှစ်သုတ် ဖြစ်ခြင်းပင်။ ထို့နောက်တွင်မူ DSA သို့မဟုတ် OTS မှ ကျောင်းဆင်း များသာ ဆိပ်ကြီးသို့ ဒုဗိုလ်အဖြစ် ရောက်လာကြပြီး ရေကြောင်း ပညာရပ်များကို သင်ယူခဲ့ ကြသည်။

ကျွန်တော်တို့နှင့် တစ်နေ့တည်း ဆိပ်ကြီးသို့ ရောက်လာ ကြသူများမှာ DSA အပတ်စဉ် (6) ဒုဗိုလ်တပ်ဖွဲ့ ဖြစ်ပါသည်။ အရာရှိငယ် သင်တန်း တက်ရန် ရောက်လာ ခဲ့ကြခြင်း ဖြစ်သည်။ DSA အပတ်စဉ် (7) နှင့် (8) တပ်ဖွဲ့ နှစ်ဖွဲ့ကိုမူ သူတို့တစ်တွေ ဗိုလ်လောင်းဘဝဖြင့် ဆိပ်ကြီးသို့ သင်တန်းတို လာတက်စဉ် ဆုံလိုက်သည်။ ထိုနောက်ပိုင်းတွင်မူ DSA ဗိုလ်လောင်းများ ရောက်မလာကြ တော့ပြန်ပါ။ တစ်ဖန် ၁၉၆၅ ခုနှစ်တွင်DSA (7) မှ ဒုဗိုလ်များ အရာရှိငယ် သင်တန်း လာတက် ကြပါသည်။ OTS မှ ဆင်းလာသော ရေတပ် ဗိုလ်လောင်းတပ်ဖွဲ့ ၁/၆၅ နှင့်လည်း ၁၉၆၅ တွင်ပင် ဆုံလိုက် ပါသည်။ မှတ်မှတ်ရရ ၎င်းအဖွဲ့တွင်ပင် ရေကူးချန်ပီယံ တင်မောင်နီကို ဒုဗိုလ်အဖြစ် ခန့်လိုက် ပါသည်။

၁၉၆၄ နှစ် ကုန်ပိုင်းတွင် ကုန်သွယ်ရေကြောင်း အုပ်ချုပ်မှုအရာရှိလောင်း သင်တန်း ၁/၆၃ နှင့် ရေတပ် ဗိုလ်လောင်း သင်တန်း ၂/၆၃ တို့ ပူးတွဲ သင်တန်းဆင်း ကြပါသည်။ ထိုစဉ်က ရေတပ် လေ့ကျင့်ရေး ကျောင်းအတွက် အတော် ကြီးကျယ်သော သင်တန်း ဆင်းပွဲကြီး ဖြစ်သည်။ အရာရှိလောင်းအောင်မြင့်က
Best Cadet ရရှိသည်။
သင်တန်းဆင်းပွဲတွင် အင်ဂျင်နီယာ အရာရှိလောင်း ငါးယောက် မပါဝင် ခဲ့ပါ။
(မူလက သင်တန်းအစတွင် အင်ဂျင်နီယာ အရာရှိလောင်း ခြောက်ဦး ရှိသော်လည်း အရာရှိလောင်းအောင်သန်းမှာ ရေကြောင်း အုပ်ချုပ်မှု အရာရှိလောင်း (Deck) ကို လျှောက်ခြင်းဖြစ်၍ အင်ဂျင်နီယာ အရာရှိလောင်း အဖြစ်ကို လက်မခံနိုင်ဘဲ ကျွန်တော်တို့ မရောက်ခင် ကပင် ထွက်သွားခဲ့ပါသည်။)
အရာရှိလောင်း ကျော်သူမှာ စာမေးပွဲ မအောင်သဖြင့် ကျွန်တော်တို့ ဂျူနီယာ တပ်ဖွဲ့နှင့် ခြောက်လဆက်၍ နေရပါသည်။

ထို့ကြောင့် အပတ်စဉ် ၁/၆၃ မှ Senior Deck Cadet များ ကျောင်းဆင်း ပြီးသောအခါ ဆိပ်ကြီးတွင် ကုန်သွယ် ရေကြောင်း ဗိုလ်လောင်းတပ်ဖွဲ့ (Mercantile Marine Cadets) စုစုပေါင်း (၁၈) ယောက် ကျန်ခဲ့ ပါသည်။ ကျွန်တော်တို့ တပ်ဖွဲ့မှ (၁၂) ယောက်၊ Senior Engine Cadets (၅) ယောက် နှင့် အရာရှိလောင်း ကျော်သူတို့ ဖြစ်ကြ ပါသည်။

တခါတွင် ဗိုလ်လောင်း ရိပ်သာတွင်း အားကစားပြိုင်ပွဲ ကျင်းပသည်။ ပါဝင်ကြသော တပ်ဖွဲ့ငါး ဖွဲ့မှာ

(၁) ကုန်သွယ်ရေကြောင်း ဗိုလ်လောင်းတပ်ဖွဲ့
(၂) DSA (6) Intake ရေတပ် ဒုဗိုလ် တပ်ဖွဲ့
(၃) DSA (7) Intake ဗိုလ်လောင်း တပ်ဖွဲ့
(၄) DSA (8) Intake ဗိုလ်လောင်း တပ်ဖွဲ့
(၅) ရေတပ်ဗိုလ်လောင်းတပ်ဖွဲ့ ၁/၆၅ တို့ ဖြစ်ကြသည်။

ဘော်လီဘော ပြိုင်ပွဲတွင် ကျွန်တော်တို့ ကုန်သွယ်ရေကြောင်း ဗိုလ်လောင်းတပ်ဖွဲ့မှ ပထမ ရပါသည်။ ပါဝင်သော သူများမှာ မျိုးသိန်း၊ ထွန်းလင်းမော်၊ ကျော်ဝင်း၊ မောင်မောင်ဖုန်း၊ ချစ်ရွှေ နှင့် ရဲညွန့်တို့ ဖြစ်ကြသည်။ စားပွဲတင် တင်းနစ်ပြိုင်ပွဲ တွင်လည်း ကျွန်တော်တို့ အဖွဲ့မှ Arthur Ghosh က ပထမ ဖြစ်ပါသည်။ ဒါတင် မကပါ။ စစ်တုရင် ပြိုင်ပွဲတွင်လည်း ကျွန်တော်တို့ပဲ ဗိုလ်စွဲ ပါသည်။ ပထမရသူမှာ အပတ်စဉ် ၁/၆၃ မှ အရာရှိလောင်း ကျော်သူ ဖြစ်သည်။ ကျွန်တော်တို့ ကုန်သွယ် ရေကြောင်း ဗိုလ်လောင်း များသည်ကား ရေတပ် လေ့ကျင့်ရေး ကျောင်းတွင် ဤသို့ ဤပုံ နာမည်ကြီးများ ဖြစ်ခဲ့ ကြပါသည်။ တပ်မတော် ကြည်း၊ ရေ၊ လေ ပြိုင်ပွဲ များတွင်လည်း တပ်မတော် (ရေ) ကို ကိုယ်စားပြု ပါဝင်ခဲ့ ကြသည်။

သို့သော် ကျွန်တော်တို့ ကုန်သွယ်ရေကြောင်း ဗိုလ်လောင်းများကို အများက အောက်ကလိအာ အဖြစ် မြင်ကြ ပါသည်။ ရေတပ်တွင် ရှိစဉ်က ကျွန်တော်တို့ကို အရပ်သားများ အဖြစ် အမြင်ခံကြရပြီး၊ ကျောင်းဆင်းပြီး ကြယ်ငါးပွင့် သင်္ဘောလိုင်း ရောက်သောအခါ တွင်လည်း ရေ တပ်မတော်၏ လူများဟု အထင်ခံ ကြရ ပြန်ပါသည်။

ကျောင်းဆင်းပြီးနောက် များမကြာမီပင် ကျောင်းဆင်း သွားသော ပထမအသုပ် ၁/၆၃ မှ အရာရှိလောင်းများ ကြယ်ငါးပွင့် သင်္ဘောများတွင် စတင် တာဝန် ထမ်းဆောင်ကြပါသည်။ ကြုံတွေ့ခဲ့ရသည်များကား မမေ့နိုင်စရာ ဖြစ်သည်။ သင်္ဘောပေါ်မှ ဘဝရှင် မင်းတြား ကြီးများ၏ ပညာပေးခြင်းကို ကောင်းကောင်းကြီး ခံခဲ့ကြရ ပါသည်။ ထို့အတွက်ပင် မဟုတ်မခံ အရာရှိလောင်း အောင်သောင်း တစ်ယောက် အလုပ်ပြုတ်သွားခဲ့ ရှာသည်။ ထို အဖြစ်အပျက်၏ နောက်ပိုင်းတွင်မူ ကြယ်ငါးပွင့်၏ လေ့ကျင့်ရေး သင်္ဘော ဖြစ်သော ပုသိမ် သင်္ဘောတွင် လေ့ကျင့်ရေး အရာရှိ အဖြစ် ရေတပ်မတော်မှ ဗိုလ်မှူး တစ်ယောက်ကို တာဝန် ပေးထား တော့သည်။ ပထမဆုံး လေ့ကျင့်ရေး အရာရှိကား ဗိုလ်မှူး ကျော်မောင် (နောင် ရခိုင်ပြည်နယ် ပြည်သူ့ ကောင်စီဥက္ကဌ) ဖြစ်သည်။ ၁၉၆၆ မှ ၁၉၆၇ အထိ တာဝန်ယူ ခဲ့ပါသည်။ ထို့နောက် ဗိုလ်မှုး တင်ဦးကြိုင်က ၁၉၆၇ မှ ၁၉၆၈ အ ထိ လေ့ကျင့်ရေး အရာရှိ အဖြစ် တာဝန်ယူခဲ့ပါသည်။

ပြောရလျှင် ထိုစဉ်က ကြယ်ငါးပွင့် သင်္ဘောများပေါ်ရှိ မြန်မာအရာရှိများမှာ ကျွန်တော်တို့ အတွက် သီးမွှေး ဌက်ပျောသီးများ ဖြစ်ကြသည်။ အပြင်က ဝါသော်လည်း အတွင်းတွင် ဖြူနေပါသည်။ ဆိုလိုသည်ကား အပြင်က မြန်မာ ဖြစ်သော်ငြားလည်း ဂေါ်ရာစိတ် အပြည့်အဝ ရှိသူများ ဖြစ်ကြ ပါသည်။ အင်္ဂလန် လက်မှတ်ကိုသာ အထင်ကြီးကြသူများ ဖြစ်ကြသည်။ နွားခြေရာခွက်ထဲမှ ဖါးသူငယ်လို မိမိ ကိုယ်ကိုယ်သာ အထင်ကြီး တတ်သော ရောဂါ စွဲကပ်နေသူ ပုဂ္ဂိုလ်များလည်း ဖြစ်ကြ ပါသည်။ ကျွန်တော်တို့ ကျောင်းဆင်း များထဲမှ အချို့သည်ပင် ထိုရောဂါဆိုး ကူးစက်ခြင်း ခံကြရ ပါသည်။ ယနေ့ခေတ် အချိန်အခါ အထိပင် ထိုအမွေဆိုး ဘဝရှင် မင်းတြားကြီး ရောဂါ ရှင်သန် နေတုန်းပင် ဖြစ်သည်။

UBS Yan Myo Aung 1965.

Front (L to R); Soe Myint, Khin Maung Oo, Kyaw Thu, Kyaw Min, Ye Nyunt.
Back (L to R); Hla Aung, Kyaw Win, Maung Maung Phone.

Friday, May 20, 2011

Before going to Judo class, Cadets Mess, 1965.


First Batch Engine cadets (1E), Second Batch Deck cadets (2N) & Engine cadets (2E).
Front (L to R); Ye Nyunt (2N), Myo Thein (2E), Sein Kyone (1E), Kyaw Win (2N), Tin Maung Oo (2E), Hla Aung (2N), Soe Myint (2N), Than Myint (1E), Maung Maung Phone (2N).
Back (L to R); Peter Than Aung (2E), Htun Lin Maw (2E), Chit Shwe (1E), Kyaw Myint (1E), Kyaw Min (2N), Arthur Ghosh (2N), Khin Maung Oo (2N), Than Aung (1E).

Thursday, May 19, 2011

တရံရောအခါက မြန်မာပြည်​မှာ (၆)

ကျွန်တော်တို့၏ နေ့စဉ် တူညီဝတ်စုံ (ယူနီဖောင်း) မှာ ရှပ်အင်္ကျီ အပြာနု
လက်ရှည်နှင့် ဘောင်းဘီ အပြာရင့် ဖြစ်ပါသည်။ ရှပ်အင်္ကျီရှည်ကို
လက်ခေါက်ပြီး ဝတ်ကြပါသည်။ ရှပ်အင်္ကျီ၏ ဘယ်အိပ်တွင် လေးထောင့် အဖြူတုံးလေး
တပ်ဆင်ထား ရသည်။ ဗိုလ်လောင်း ဟူသော အမှတ်အသား ဖြစ်ပါသည်။ ရှပ်အင်္ကျီ
ဘယ်အိပ်၏ ကြယ်သီးတွင်မူ မိမိအမည် ပါရှိသော ပလပ်စတစ်ပြားကို တပ်ရသည်။
စစ်ဖိနပ်ရှည် အမည်းဝတ်၍ စစ်ခမောက် ဆောင်းကြရသည်။

ကျွန်တော်တို့ တတွေ ထမင်းစားကြရာတွင် စတိုင်ကျကျ စားရပါသည်။
စားပွဲထိုးရန်နှင့် ထမင်းချက်ရုံမှ ထမင်းဟင်းများ သွားသယ်ရန် တပ်မှ
ရဲဘော် တစ်ယောက်က ဦးစီး၍ အရပ်သား အလုပ်သမားများလည်း ငှားထား ပါသည်။
ထမင်းစားခန်း၌ စားပွဲရှည်များနှင့် တပ်ဖွဲ့အလိုက် ထိုင်ကာ စားကြပါသည်။
ထမင်းချက်ရုံမှ ထမင်းဟင်း များသည် ကောင်းပါသည်။ သို့သော် ကြာလာ၍
ငြီးငွေ့လာလျှင် တပ်တွင်း Canteen ကို အားကိုး ကြရသည်။ နံပြား၊ မုန့်
နှင့် လက်ဘက်ရည်၊ ကော်ဖီ တို့သာ မကဘဲ ထမင်းကျော်၊ ခေါက်ဆွဲကျော်၊
ကြာဇံကျော်များပါ အပီအပြင် လွေးနိုင်ပါသည်။ တပ်၏ မြောက်ဖက် ဂိတ်ဝမှ နေ၍
ဂွရွာမှ နွားနို့ကို မှာယူ အားဖြည့် နိုင်ပါသည်။ တပ်တွင်း အိမ်ထောင်သည်
လိုင်းဖက်တွင်မူ ဂျင်းနှင့် လက်ဘက်သုပ် ဆိုင်များ ရှိသည်။
အပ်ချုပ်ဆိုင်လည်း ရှိပါသည်။

အားလပ်ချိန် အပန်းဖြေရန် အတွက်မူ တပ်တွင်း၌ ရုပ်ရှင်ရုံတစ်ရုံ ရှိပါသည်။
ဗိုလ်လောင်း ရိပ်သာအနီးရှိ ကန်များတွင် ငါးမျှားနိုင် ပါသည်။ မကြာမကြာ
ကန်ပက်ကြ ပါသည်။ ကျွန်တော်တို့ နှင့်အတူ DSA အပတ်စဉ် (6) မှ ကိုကံလှ
(ကွယ်လွန်) နှင့် ကိုထွန်းအောင်မြင့် (Ex DG, DMA, ယခု လွှတ်တော် အမတ်)
တို့လည်း ပါဝင် ဆင်နွှဲ ကြသည်။

ဆိပ်ကြီးသို့ ရောက်၍ နှစ်လ အကျော်တွင် ကျွန်တော်တို့ တပ်ဖွဲ့
နှစ်ဖွဲ့စလုံး မေယု စစ်သင်္ဘောဖြင့် ပင်လယ်ပြင် လေ့ကျင့်ရေး ထွက်ကြ ရပါသည်။
စစ် ရေယာဉ် မေယု၏ Commanding Officer (CO) မှာ Commander ခင်မောင်မြင့်
(ကနခို) ဖြစ်ပါသည်။ ထိုစဉ်က တပ်မတော် (ရေ) တွင် Commander ခင်မောင်မြင့်
နှစ်ယောက် ရှိပါသည်။ ကျွန်တော်တို့ C.O မှာ ကနခို မိဖူး သောကြောင့်
ကနခိုဟု အမည်တွင်ပြီး ကျန်တစ်ဦးမှာ ဂျူး ခင်မောင်မြင့် ဟု သိကြ ပါသည်။
First Lieutenant မှာ ဗိုလ်မှူး တင်အောင် ဖြစ်ပါသည်။ ကျွန်တော်တို့
တပ်ဖွဲ့နှစ်ဖွဲ့အား Quarter deck ရှိ စတိုခန်း နှစ်ခန်း
(ဘယ်တစ်ခန်း၊ညာတစ်ခန်း ဖြစ်ပါသည်) တွင် နေရာ ချထား ပေးပါသည်။ Starboard
Side အခန်းတွင် Senior cadet များချည်း ဖြစ်ပြီး၊ Port side အခန်းတွင်
Senior နှင့် Junior များ ရော၍ နေကြ ပါသည်။ ကျွန်တော်တို့ Junior အဖွဲ့
မှာ ရှစ်ယောက်သာ ရှိပြီး၊ senior က လူနှစ်ဆယ် ရှိသောကြောင့် ဖြစ်သည်။
မေယု၏ သယ်ဆောင်ရာ စစ်တွေသို့ ကျွန်တော်တို့ ခရီးနှင်ခဲ့ ကြပါသည်။
ကျွန်တော့ အတွက်တော့ မမေ့နိုင်သော ပထမဦးဆုံး ပင်လယ် အတွေ့အကြုံပင်
ဖြစ်ပါ၏။

စစ်တွေ၌ ရှိနေစဉ်ပင် ကျွန်တော် ဖြေထားခဲ့သော ဆယ်တန်း အောင်စာရင်း
ထွက်ခဲ့သည်။ ကျွန်တော် အောင်ပါသည်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင် တော်တော်
များများလည်း ဖြေထားကြသည်။ အောင်သူများ အောင်ကြပြီး ကျသောသူ များလည်း
ရှိပါသည်။ ကျွန်တော်တို့တသိုက်မှာ သင်္ဘောပေါ်တွင် အလုပ်ရှုပ်နေခဲ့ ကြရာ
စာမေးပွဲ ရလဒ်ဖက်ပင် သိပ်မလှည့်နိုင် ခဲ့ပါ။ Seamanship လက်တွေ့ လုပ်ကြ
ရသည်။ Wheel order များ သင်ကြားပြီး လက်တွေ့ Wheel ကိုင် ရသည်။
စစ်သင်္ဘောတွင် Wheel house မှာ Bridge ၏ အောက်တွင် သီးသန့် ထားရှိ ပါသည်။
လေဝင်လေထွက် မရှိ၊ အလုံပိတ် ဖြစ်နေ သောကြောင့် ပို၍ လှိုင်းမူးရန်
လွယ်ပါသည်။

ကျွန်တော်တို့တတွေ Bridge ပေါ်တွင် Magnetic Compass နှင့် Gyro Compass
ကို compare လုပ်ပြီး မှတ်တမ်း ရေးကြရ ပါသည်။ Deck ကို Holy stone
လုပ်ကြရ ပါသည်။ Senior cadets များကတော့ Navigation လက်တွေ့ လုပ်ကြရ
ပါသည်။. စစ်တွေမှ ရန်ကုန်သို့ မေယုဖြင့်ပင် အားလုံး အတူတကွ ပြန်လည်
လိုက်ပါ ခဲ့ကြသည်။ ပြန်ရောက်ပြီး သိပ်မကြာလိုက်။ ချက်ချင်းလိုလို
ရန်မျိုးအောင် စစ်သင်္ဘော ပေါ်သို့ ပြောင်းကြရ ပါသည်။ ရန်မျိုးအောင်နှင့်
ကော့သောင်း ဖက်သို့ ထွက်ခဲ့ရ ပါသည်။ C.O မှာ ဗိုလ်မှူးဆွန်း ဖြစ်ပြီး၊
First Lt. မှာ ဗိုလ်မှူး T.A. Masters ဖြစ်ပါသည်။ ကျွန်တော်တို့
တပ်ဖွဲ့နှစ်ဖွဲ့ကို Crew Mess ထဲတွင် နေရာချထား ပါသည်။ ထိုအခေါက်
တွင်တော့ ကော့သောင်း၊ မြိတ်၊ မြိတ်ကျွန်းစု နှင့် ကိုးကိုးကျွန်းသို့
ရောက်ခဲ့ကြ ပါသည်။ ရနိုင် ခဲသော ဒေသန္တရ ဗဟုသုတများပင်။

Tuesday, May 17, 2011

တရံရောအခါက မြန်မာပြည်မှာ (၅)

ကျွန်တော် စာရေးရခြင်း၏ ရည်ရွယ်ချက်ကား ကျွန်တော်တို့ ရေကြောင်းလောက၏
သမိုင်းကြောင်းကို ကျွန်တော် မည်ကဲ့သို့ မြင်သည်ကို ပြောပြချင်
သောကြောင့် ဖြစ်သည်။ ကောင်းသည်လည်း ပါမည်၊ ဆိုးသည်လည်း ပါမည်၊
မှန်တာတွေလည်း ပါမည် ဖြစ်သလို၊ မှားတာတွေလည်း ပါပေမည်။
ခေတ်လူငယ်များ ကျွန်တော်တို့ အမှားများကို သင်ခန်းစာ ယူကာ ကျွန်တော်တို့ လူကြီးများထက်
လက်စောင်းထက်နိုင် ကြစေရန် ဖြစ်ပါသည်။ သို့မှသာ လောကဓမ္မ ဖြစ်မည်၊ သဘာဝ
ကျပေမည်။

ရေကြောင်း အရာရှိလောင်း သင်တန်းကို မြန်မာပြည်တွင်း ဆိပ်ကြီး ရေတပ်
လေ့ကျင့်ရေးကျောင်း၌ အစပြု ဖွင့်လှစ် ခဲ့သည်မှာ ၁၉၆၂ ဒီဇင်ဘာလ ကုန်ပိုင်း
တွင် ဖြစ်ပါသည်။ ရေကြောင်း အုပ်ချုပ်မှု အရာရှိလောင်း (၂၀) နှင့်
ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း (၆) ဦးတို့ ဖြင့် စတင်ခဲ့ခြင်း
ဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့မှာ ဒုတိယ အသုပ် ဖြစ်ပြီး ၁၉၆၄ ခု
ဧပြီလတွင် စတင်ပါသည်။ ပထမ အသုတ်နှင့် ဆိုလျှင် အချိန် တစ်နှစ်နှင့် လေးလ
ကွာခြား ပါသည်။ တတိယ အသုတ်မှာ ကျွန်တော်တို့ ကျောင်းဆင်းပြီးနောက်၊ ၁၉၆၆
ဧပြီလ နောက်ပိုင်းတွင်မှ ဆိပ်ကြီးကျောင်းသို့ ရောက်ကြပါသည်။ စတုတ္ထ
အသုတ်ကိုမူ ၁၉၇၀ တွင်မှ စခဲ့ပါသည်။ ၄င်းအသုတ်သည် ဆိပ်ကြီး၌ တစ်နှစ်သာ
နေခဲ့ပြီး ၁၉၇၁ ခုနှစ် ရေကြောင်းသိပွံကျောင်း စတင် ဖွင့်လှစ် သောအခါ
ပထမဆုံး အသုတ်အဖြစ် ဆင်မလိုက် သင်္ဘောကျင်း ရုံးသုံးထပ်သို့
ပြောင်းရွေ့လာကြ ပါသည်။ ပထမဆုံးသော ကျောင်းအုပ်မှာ ဦးကျော်သိန်းလွင်
ဖြစ်ပြီး၊ ဌာနမှူး (ရေကြောင်း) မှာ Capt.Ronnie David Vardon ဖြစ်ပါသည်။
၁၉၇၃ ခုနှစ်၊ ပဉ္စမ အသုတ်တွင်မူ ရေကြောင်းသိပွံကျောင်းသည် ယခုလက်ရှိ
ကျောင်းနေရာသို့ ပြောင်းရွေ့ လာခဲ့ပြီး ထိုအချိန်မှစ၍ အရေးအခင်း ဖြစ်သည့်
၁၉၈၈ ခုနှစ်အထိ ယခုလက်ရှိ နေရာတွင်ပင် အရာရှိလောင်း သင်တန်းများ နှစ်စဉ်
ဖွင့်လှစ်ခဲ့ ပါသည်။

ကျွန်တော်တို့ ခေတ်က (၇) တန်းနှင့် (၉) တန်း (သို့မဟုတ်) တန်းမြင့်
ကျောင်းထွက်လက်မှတ် နှင့် မက်ထရစ် စာမေးပွဲ တို့မှာ အစိုးရစစ်
စာမေးပွဲများ ဖြစ်ပါသည်။ (၉) တန်းအောင်လျှင် ရေကြောင်း အရာရှိလောင်း
သင်တန်းရော၊ စစ်တက္ကသိုလ်ပါ ဝင်ရောက်ဖြေဆိုနိုင်သော ခေတ်ဖြစ်သည်။ စတုတ္ထ
အသုတ်မှ စကာ ကျောင်းဝင်ခွင့် အတွက် အနိမ့်ဆုံး ပညာရည် အဆင့်ကို
ဆယ်တန်းအောင်ဟု သတ်မှတ်လိုက်ပြီး၊ ပဉ္စမအသုတ်တွင်မူ တက္ကသိုလ် အဆင့်
ဒုတိယနှစ်အောင် ဟု ပြောင်းလဲ သတ်မှတ်ခဲ့ ပါသည်။ အပတ်စဉ် (၆) နှင့် (၇)
တွင် အင်ဂျင်နီယာ အရာရှိလောင်း သင်တန်းများ မရှိခဲ့ပါ။ အပတ်စဉ် (၉)
မှစပြီး အပတ်စဉ် (၁၅) အထိ ငါးဖမ်းလုပ်ငန်း အရာရှိလောင်းများ ကိုပါ
သင်ကြားပေးခဲ့ ပါသည်။ ၎င်းတို့သည်လည်း ရေကြောင်း အုပ်ချုပ်မှု
အရာရှိလောင်းများနှင့် အတူတူပင် စာသင်ယူ ခဲ့ရပါသည်။ အပတ်စဉ် (၁၆) မှ စကာ
ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း အတွက် အရာရှိလောင်းများပါ တိုးချဲ့
ခေါ်ယူ ခဲ့သည်။ သင်တန်းကာလနှင့် ပက်သက်၍မူ အပတ်စဉ် (၅) မှစ၍ တစ်နှစ် သို့
ပြောင်းခဲ့သည်မှာ ယနေ့အထိ ဖြစ်ပါသည်။

ဤနေရာတွင် ကျွန်တော်တို့နှင့် ရှစ်လခန့် အတူ နေခဲ့ရသော ပထမဆုံး အပတ်စဉ်
အရာရှိလောင်းများ အကြောင်းကို အနည်းငယ် ပြောပြချင် ပါသည်။ ရေကြောင်း
အုပ်ချုပ်မှု အရာရှိလောင်း (ထိုစဉ်က တရားဝင် အခေါ်အဝေါ် ဖြစ်သည်) အယောက်
(၂၀) ပါဝင် ပါသည်။ ၎င်းတို့ မှာ-

(၁) အောင်မြင့်၊ Best Cadet.Captain in Command
(၂) စိုးလွင်၊ Retired Director, DMA
(၃) ညီညီ၊ Retired Ship Captain
(၄) အေးထွတ်၊ CEO Ship Management Company, Bangkok
(၅) တင်မောင်ပါ၊ Captain in Command
(၆) လှဝင်း၊ Captain in Command
(၇) လှထွန်း၊ Captain (၂၀၁၀တွင်ကွယ်လွန်)
(၈) လှမြင့်၊ Retired Captain, USA
(၉) ခင်အေး၊ Captain (ကွယ်လွန်)
(၁၀) ဝင်းသိန်း၊ Shipping Agent
(၁၁) စိုးမြလှိုင်၊ Retired Surveyor DMA (ကွယ်လွန်)
(၁၂) James Ghosh. Chief Officer (ကွယ်လွန်)
(၁၃) John Preire. Perth, Australia
(၁၄) Charles Htwe @ ကျော်လွင်၊ Captain in Command
(၁၅) ရဲမြင့်၊ (ကွယ်လွန်)
(၁၆) ကျော်ထွန်း
(၁၇) ကျော်သူ
(၁၈) အောင်သောင်း
(၁၉) စိန်လင်း၊ Retired Marine Superintendent MFSL
(၂၀) ချစ်ကိုကို၊ (ကွယ်လွန်)

ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း (၆) ယောက် ပါဝင်ပါသည်။ ၎င်းတို့မှာ-

(၁) စိန်ကြုံး၊ (ကွယ်လွန်) Best Cadet
(၂) ချစ်ရွှေ၊ CE
(၃) ကျော်မြင့်၊ ES, MFSL (ကွယ်လွန်)
(၄) သန်းမြင့်၊ CE (ကွယ်လွန်)
(၅) သန်းအောင်၊ CE
(၆) အောင်သန်း၊ တို့ ဖြစ်ကြပါသည်။.

တရံရောအခါက မြန်မာပြည်မှာ (၄)

ဆိပ်ကြီး ရေတပ် လေ့ကျင့်ရေး ကျောင်းတွင် (၂) နှစ် အတွင်း သင်ကြားခဲ့ရသော
ရေကြောင်းဆိုင်ရာ ဘာသာရပ်များ နှင့် သင်ကြား ပေးသော ဆရာများကို တင်ပြရသည်
ရှိသော်-

၁) Principles of Navigation. (CPO ဝင်းဒင်)
၂) Practical Navigation. (CPO ဝင်းဒင်)
၃) Chart Work. (CPO ဝင်းဒင်)
၎) Seamanship. (CPO Frank Dupy @ ဘသန်း)
၅) Practical Seamanship. (PO စိုးညွှန့် နှင့် PO ခင်အောင်)
၆) Damage Control. (ERA စိန်ဝင်း)
ရ) Gunnery (CPO ကြည်ဦး)
၈) Radar Observer. (Lt. တင့်ဝေ)
၉) Communication. (Lt. တင်ဦး)
၁၀) Basic Ship Construction. (ကပ္ပတိန် ညွန့်ဝေ DMA) တို့ ဖြစ်ကြသည်။
၁၁) Mathematics (ဦးစိုးမြတ်)

ဤစာရင်းကို လေ့လာကြည့်လျှင် ကျွန်တော်တို့ အနေဖြင့် Ship Stability နှင့်
Rules of the Road ဘာသာရပ်များကို မသင်ခဲ့ ရကြောင်း တွေ့နိုင်ပေ
လိမ့်မည်။ ရေတပ်မတော်မှ ဆရာများသည် ကျွန်တော်တို့အား စေတနာ အပြည့်ဖြင့်
တတ်သမျှ အားလုံးကို အပင်ပန်းခံ သင်ပေးခဲ့ ကြပါသည်။ အထူးသဖြင့် ဆရာဝင်းဒင်
နှင့် ဆရာဂျူပီ ခေါ် ဆရာဘသန်းတို့ နှစ်ယောက်မှ အများဆုံး အားထုတ်
သင်ကြားခဲ့ကြ ပါသည်။

သို့သော် အရာရှိလောင်း အများစုက ဆရာများသည် အရာရှိများ မဟုတ်သည့် အတွက်
မကြိုက်ကြပါ။ ဖခင်အရင်းခေါက်ခေါက် ဆိုက္ကားသမားကို အဖေ မတော်ချင်ဘဲ
ဆယ်ဝမ်းကွဲ ဦးလေး ဗိုလ်မှူးကြီးကို ဖခင် တော်ချင်သော သူသာ
ပိုများနေသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ကျောင်းအုပ်
ဖြစ်ခဲ့သူ ဗိုလ်ချုပ် ချစ်လှိုင်ကိုသာ ယနေ့ခေတ် MOSA (Myanmar Oversea
Seafarers Association) မှ နှစ်စဉ် ကျင်းပနေသော ဂါရဝပြုပွဲတွင်
အစဉ်တွေ့နေရပြီး ဆိပ်ကြီးတွင် ကျောင်းတက်စဉ် ချွေး၊ သွေးများဖြင့်
အမှန်တကယ် အားစိုက် သင်ကြား ပေးခဲ့ကြသော အထက်ပါ ဆရာများကိုကား မည်သူမှပင်
စကားထဲ ထည့်မပြော ကြခြင်းကြောင့် ဖြစ်သည်။ "ကိုယ့်ကိုကိုယ်
ဂုဏ်ရှိအောင်နေ၊ ဘာမှမလုပ်လည်း လူအများက လေးစားပြီး ကျေးဇူး တင်နေမည်"
ဟူ၍ သင်ခန်းစာ ယူနိုင်သည်ဟုပင် ဆိုရမလားမသိ။

ဆရာဝင်းဒင်နှင့် ဆရာဘသန်း နှစ်ဦးစလုံးကို ကျွန်တော်တို့ ၁၉၆၉ ခုနှစ်
Second Mate course ပြန်တက်သော အချိန်တွင် အရာခံဗိုလ်များ အဖြစ်
ပြန်တွေ့ခဲ့ရ ပါသည်။ ထို့နောက် သိပ်မကြာပါ။ နှစ်ဦးစလုံး တပ်မှ
ထွက်ကြသည်။ ဆရာဝင်းဒင်ကား Mate (Home Trade) ဖြေဆို အောင်မြင်ပြီး
ထိုစဉ်က ပုလဲနှင့် ငါးလုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ဆရာ
ဘသန်းမှာတော့ အရက်ကြောင့် တော်တော် ဒုက္ခ ရောက်သွားခဲ့ ရှာသည်။ ရရာအလုပ်
ကြုံရာကျဘမ်း လုပ်သည်။ ကမ်းလွန် ရေနံတူးရာတွင် ထမင်းချက် လုပ်သည်။
နိုင်ငံခြား ဂရိ သင်္ဘော ကုမ္ပဏီတွင် သင်္ဘောသား လုပ်သည်။ ထိုမှတဖန်
ကျွန်တော် ရေကြောင်းပညာ သိပံ္ပကျောင်း မှ မထွက်ခင်လေးတွင် Third Mate
Course တက်ချင်သည်ဟု ဆိုလာသဖြင့် ၁၉၈၉ ခုနှစ်တွင် စီစဉ် ပေးခဲ့သေး ပါသည်။
ကျောင်းဝင်းထဲရှိ ကျွန်တော့၏ အိမ်တွင် နေပြီး ကျောင်းတက် ခဲ့သည်။
ထိုနောက်ပိုင်း သိပ်မကြာလိုက်။ ၁၉၉၀ ခုနှစ်ကုန်ပိုင်း တွင်ပင် ဆရာဘသန်း
ကွယ်လွန် သွားခဲ့ရှာပါသည်။ ဆရာ ဝင်းဒင်မှာတော့ ပုလဲနှင့်ငါး မှ
ထွက်ပြီးနောက် ကမ်းရိုးတန်း သွား သင်္ဘော
တစ်စင်းပေါ်တွင် Mate အဖြစ် လုပ်ကိုင်ခဲ့ ပါသည်။ ၁၉၉၇ ခုနှစ် တွင်
ဆရာဝင်းဒင် ကွယ်လွန် ပါသည်။

ဤဆရာ နှစ်ယောက်၏ ဆရာ ပီသသော လုပ်ရပ်များ၊ တပည့်များ အပေါ် ထားရှိသော
စေတနာကို အစဉ် သတိရနေဆဲပင် ဖြစ်ပါသည်။ အခြား တစ်ဖက်တွင်မူ ဆရာ အချို့သည်
ဝတ်ကျေတန်းကျေသာ သင်ကြသည်။ စေတနာ မပါကြ သည်လား။ မိမိ တတ်သလို တပည့်များ
တတ်သွားမှာ စိုး ကြသည်လား။ တပည့်များ မိမိထက် တတ်မှာကို လုံးဝ မလိုလားကြ
သည်လား။ သို့မဟုတ် မြန်မာပြည်တွင် မိမိတို့ အဆင့်မျိုး မည်သူမျှမရှိ
ဟူသည်ကို ဂုဏ်ယူကြ သည်လား မသိပါ။

မှတ်မိ ပါသေးသည်။ တခါက ကျောင်း၌ လုပ်ခဲ့သော seminar တခုတွင်
ဦးမောင်မောင်လေးမှ "မြန်မာပြည်မှာ Extra Master ဆိုလို့ ဦးတင်လှိုင်
တစ်ယောက်ပဲ ရှိတယ်။ လူငယ် တွေ ကြိုးစားဖို့ ကောင်းတယ်" ဟု ပြောခဲ့ ပါသည်။
Extra First Class ဟူသော အဆင့်သည်လည်း သူ တစ်ဦးတည်းပင် ရှိသည်ကို
လူအများ သတိမူမိ စေချင်သောကြောင့် တစ်ပါးသူကို ချီးကျူးသလိုလိုဖြင့်
ကြော်ငြာလိုက်ခြင်း ဖြစ်ပါ၏ ။

ထိုကိစ္စဖြင့် ပက်သက်၍ နောင်အခါ အခွင့်သင့် သောအခါ ဦးတင်လှိုင်ကို
ကျွန်တော် ပြောမိသည်မှာ

"ဆရာ ကြိုက်တဲ့ လူငယ် ဆယ်ယောက်ကို Extra Master ဖြေဖို့ လွှတ်ပါ၊
ရှစ်ယောက် လောက်မှ Extra Master မရရင် ကျွန်တော် ခေါင်းဖြတ် ခံပါမယ်"

ဟူ၍ ဖြစ်သည်။ ထိုစဉ်က ထိုသို့ ပြောသာ ပြောခဲ့သော်ငြား မည်သူကိုမျှ
နိုင်ငံခြား ပညာသင် လွှတ်ရန် စဉ်းစားလိမ့်မည်မဟုတ် ဆိုသည်ကို ကျွန်တော်
စိတ်ထဲတွင် အသေအချာ သိနေခဲ့ပါသည်။ နိုင်ငံခြား မသွားရဘဲ Extra Master
ဟူသည့် ဘွဲ့ထူးဂုဏ်ထူးကြီးကို မည်သို့များ ဆွတ်ခူးနိုင် ပါမည်လဲ?

Monday, May 16, 2011

Mercantile Marine Cadets (Deck) 1st batch 1963

Front (L to R); Tin Maung Par, Aung Myint, Lcdr Sein Hlaing, Cmdr Chit Hlaing, SLt San Hlaing, James Ghosh, Chit Ko Ko.
Middle (L to R): Hla Myint, Ye Myint, Hla Win, John Preira, Kyaw Tun, Charles Htwe, Sein Lin.
Back (L to R): Win Thein, Soe Mya Hlaing, Nyi Nyi, Aung Thaung, Soe Lwin, Khin Aye, Aye Tut, Hla Tun.

Bentick Island, Mergui Archipelago, 1965

From L to R; Arthur Ghosh, Kyaw Win, Khin Maung Oo, & Kyaw Min.

တရံရောအခါက မြန်မာပြည်မှာ (၃)

ရေတပ် လေ့ကျင့်ရေးကျောင်း၏ ကျောင်းအုပ်ကြီး မှာ ဒု ဗိုလ်မှုးကြီး
ချစ်လှိုင်၊ ဒု ကျောင်းအုပ်ကြီး ဒု ဗိုလ်မှုးကြီး Frank Peters၊
လေ့ကျင့်ရေးမှူး (ကုန်သွယ်) ဗိုလ်ကြီး ဟန်ထွန်းအောင်၊ လေ့ကျင့်ရေးမှူး
(အခြေခံ) ဗိုလ်မှူး ခင်အောင်၊ လေ့ကျင့်ရေးမှူး (စက်)
ဗိုလ်မှူးတင်ညိုတို့ ဖြစ်ကြပါသည်။ တပ်ပုံစံ ဆံပင်ညှပ် ကြပြီးသည်နှင့်
စစ်ရေးပြ လေ့ကျင့်ခန်း စပါတော့သည်။ ဆရာများမှာ တပ်ကြပ် ထွန်းမြင့်နှင့်
ဒုတပ်ကြပ် သက်နိုင်တို့ ဖြစ်ပါသည်။ စစ်ရေးပြ ကာလ တစ်လအတွင်း
အပြင်ထွက်ခွင့် မရပေ။ ထိုစဉ်က ကျွန်တော်တို့ ရခဲ့သော ပညာသင်
ထောက်ပံ့ကြေးမှာ တစ်လ (၁၂၅) ကျပ် ဖြစ်ပါသည်။ထမင်းလခ တစ်လကို (၅၀) ကျပ်
ပေးရ ပါသည်။ လစဉ် (၇၅) ကျပ် သုံးနိုင်ပါသည်။ မုန့်ဟင်းခါး ပဲကျော်နှင့်
တစ်ပွဲ (၂၅) ပြား၊ ဗယာကျော်သုပ် တစ်ပွဲ (၂၅) ပြား၊ဒိန်ချဉ် တစ်ခွက်(၂၅)
ပြား၊ တရုတ်ဆိုင်တွင် ထမင်းကျော်၊ ခေါက်ဆွဲကျော် တစ်ပွဲ တစ်ကျပ်ခွဲသာ
ပေးရသောခေတ် ဖြစ်သောကြောင့် လောက်ငှစွာ သုံးစွဲနိုင်ပါသည်။ရုပ်ရှင်
ကြည့်လျှင်လည်း တစ်ကျပ်ခွဲတန်းကို စစ်သည်တော်နှုန်းဖြင့် ပြား (၉၀) သာ
ပေးရပါသည်။

အပြင် ထွက်ခွင့် ရသောအခါ ရေတပ်ဗိုလ်လောင်း များကဲ့သို့ ရှပ်အဖြူ လက်ရှည်၊
ဘောင်းဘီရှည် ခဲရောင်၊ ခါးပတ် အမဲ၊ ရှုးဖိနပ်အမဲ နှင့် ခြေအိပ်အမဲ တို့ကို
ဝတ်ဆင် ရပါသည်။ ဗိုလ်လောင်း အများစုမှာ ထိုစဉ်က ကုန်တိုက်ကြီးများ
ဖြစ်သော PDS, BDS တို့တွင် လည်ကြပတ်ကြ ပါသည်။ ကျောင်းတွင် နေ့စဉ်
အချိန်ဇယားကို တိတိကျကျ မမှတ်မိတော့ပါ။မနက်တိုင်း (၆) နာရီထ၍ PT
ဝတ်စုံဖြင့် အပြေးလေ့ကျင့် ကြရသည်။ ထို့နောက် ရေချိုး၊ နံနက်စာ စားကာ
စာသင်ခန်း ဝင်ကြရ ပါသည်။ စာသင်ခန်း ကလည်း အဆောင်တွင်ပဲ ဖြစ်သဖြင့် အလွန်
အဆင်ပြေ ပါသည်။ ရေတပ် ဗိုလ်လောင်း နှင့် ဒုဗိုလ်များမှာ စာသင်ရန် "E
Block" သို့ သွားရ ပါသည်။ နံနက် (၁၀) နာရီတွင် လက်ဖက်ရည် သောက်၊ (၁၂)
နာရီတွင် နေ့လည်စာစား၊ ညနေ (၃) နာရီတွင် နေ့လယ် လက်ဖက်ရည်၊ ညနေ (၆) နာရီ
တွင် ညနေစာ စားရ ပါသည်။ ညနေစာ စားချိန်တွင် Red Sea Rig ဝတ်ကြရ ပါသည်။

နောင် ဗိုလ်မှူးအံ့စိန် လေ့ကျင့်ရေးမှူး (အခြေခံ) ဖြစ်လာသော အခါ
တစ်ရက်တွင် ဗိုလ်လောင်း ရိပ်သာ ညနေစာ စားနေချိန် လာကြည့်ပြီး -

"မင်းတို့ကောင်တွေ လူကတော့ Red Sea Rig နဲ့ ဇွန်းခရင်းနဲ့။ စားတော့ကျ
ငါးပိရည်နဲ့ တို့စရာ။ မထူးပါဘူး လုံချည်ဝတ်၊ လက်နဲ့ပဲ စားကွာ"

ဟု ဆိုလိုက်ရာ နောက်ပိုင်းတွင် မြန်မာ ထမင်းဟင်း ညနေစာကို မြန်မာဆန်ဆန်
လွတ်လပ်စွာ စားကြ ပါတော့သည်။

ကျွန်တော်တို့တတွေ ဆိပ်ကြီးတွင် Pre-sea training ကို (၂) နှစ် တက်ခဲ့
ရပါသည်။ ထို (၂) နှစ်တာ ကာလ အတွက် sea time တစ်နှစ်သာ ရခဲ့ပါသည်။ ဤတွင်
ပြောစရာ တစ်ခု ရှိလာပါသည်။ ဆိပ်ကြီးသင်တန်း မစမီက အင်္ဂလန်သို့
ပညာတော်သင်များ စေလွှတ်ခဲ့သည်။ အင်္ဂလန်ပြန်များသည် Pre-sea training (၉) လ
တက်ကြရပြီး sea time ကို (၉) လအပြည့် ရခဲ့ကြ ပါသည်။ နှိုင်းယှဉ်
ကြည့်လိုက်လျှင် မြန်မာပြည်တွင်း (ဆိပ်ကြီး) ပညာတော်သင် များသည်
အင်္ဂလန်သွား ပညာတော်သင်များထက် sea service တစ်နှစ် အမြဲ
နောက်ကျ ပါသည်။ ( အစိုးရ ဝန်ထမ်းများအတွက် "လုပ်သက်" သည် အရေးကြီးသလို
ရေကြောင်းဝန်ထမ်းများ အတွက် sea service သည် ရာထူးတိုးရေး၊ အရာရှိ
စာမေးပွဲ ဖြေရေး ကိစ္စများ အတွက် အလွန် အရေးကြီးပါသည်။)

အမှန်စင်စစ် ဤကိစ္စကို ထိုစဉ် ရေကြောင်းလောကမှ လူကြီးများ မသိဘဲ နေမည်
မဟုတ်။ တမင်တကာပင် နောက်လူများ ကျော်မတက်နိုင်ရန် ပညာပြ လိုက်သည် ဟုသာ
မြင်မိပါသည်။ ငယ်ရွယ်စဉ် အခါကတော့ ထိုအမြင်မျိုး မရှိခဲ့ ပါချေ။
ရေကြောင်းလောက လူကြီးများကို အများကြီး လေးစားခဲ့ ပါသည်။ လူငယ်များကို
စေတနာရှိပြီး တိုးတက်စေချင်ကြ လိမ့်မည်ဟုသာ ထင်ခဲ့မိ ပါသည်။ နောင်အခါ
ရေကြောင်းပညာ သိပ္ပံကျောင်း (ယခု- ရေကြောင်းကောလိပ် ဘုရင့်နောင်) တွင်
(၁၄) နှစ်ကြာ တာဝန် ထမ်းဆောင် ပြီးမှသာ မြန်မာပြည် ရေကြောင်းလောကမှ
လူကြီးများ၏ စေတနာ အစစ်အမှန်ကို သိလာခဲ့ ရပါသည်။

Sunday, May 15, 2011

Cocoa Kyun Bullock cart ride, 1965.

Khin Maung Oo, Kyaw Min, Kyaw Thu & Arthur Ghosh with Bo Aye Min & Naval ratings.

Cocoa Island 1965.

Kyaw Thu, Arthur Ghosh, Khin Maung Oo, Kyaw Min & Hla Aung.

Sea training on board UBS Yan Myo Aung, 1965.

Front (L to R); Maung Maung Phone, Khin Maung Oo, Arthur Ghosh, Kyaw Min.
Back (L to R); Ye Nyunt, Kyaw Thu, Soe Myint, Hla Aung, Kyaw Win.

Mercantile Marine Cadets (2nd Batch 1964)

The first picture taken, in April 1964, infront of Cadets Mess (H Block) just after the hair cut.
Front row (L to R); Stanley Khoo @ Hla Aung, Tin Maung Oo, Khin Maung Oo, Arthur Ghosh, Kyaw Min, Soe Myint.
Back row (L to R); Myo Thein, Peter Than Aung, Kyaw Win, Ye Nyunt, Tun Lin Maw, Alphonse Genu @ Maung Maung Phone.

Saturday, May 14, 2011

တရံရောအခါကမြန်မာပြည်မှာ (၂)။

ကျွန်တော်တို့သည် အစိုးရ ပညာတော်သင်များ ဖြစ်သည့်အတွက် ထုံးစံအတိုင်း
ငါးပြားဖိုး ပေးပြီး ငါးသိန်းဖိုး ပြန်ယူနိုင်ရန် စာချုပ်များ
လက်မှတ်ထိုး ကြရပါသည်။ ပထမစာချုပ်မှာ ငါးသောင်းတန် ပညာတော်သင်
စာချုပ်ဖြစ်သည်။ ကျပ်ငွေ တစ်သောင်း အာမခံမည့်သူ ငါးယောက်ကို ရှာရပါသည်။
ထိုစဉ်က မြန်မာပြည်တွင် အစိုးရဝန်ထမ်း အလုပ်ဖြစ်လျှင် စာချုပ် မရှိ၊
မချုပ်လည်း ဘဝရှင် မင်းတရားကြီးများ အလိုတော် အတိုင်း ဖြစ်သည့်အတွက်
မထူးလှပါ။ နောက်စာချုပ် တစ်ခုမှာ နိုင်ငံတော်မှ လိုအပ်လာလျှင်
ရေတပ်မတော်တွင် စစ်မှုထမ်းပါမည် ဟူသည့် စာချုပ် ဖြစ်သည်။

ရတနာပုံ ရေတပ်စခန်းတွင် သင်တန်းအတွက် လိုအပ်မည့် ပစ္စည်းများကို
ထုတ်ပေးခဲ့ ပါသည်။ ၁၉၆၄ခုနှစ် ဧပြီလ(၁၈)ရက်နေ့တွင် သံလျက်စွန်းရှိ
ရတနာပုံ ရေတပ်စခန်းမှ Ferry ဖြင့် ဆိပ်ကြီးရေတပ် လေ့ကျင့်ရေး
ကျောင်းသို့ရောက်ရှိခဲ့ပါတော့သည်။ Ferry ပေါ်တွင် (၄၅)မိနစ်ခန့် ကြာသည်။
ဆိပ်ကြီးဘက် ရောက်သောအခါ senior cadet ကိုညီညီမှ လာကြိုပါသည်။ Ferry
ဆိပ်မှ ဗိုလ်လောင်းဆောင်သို့ ဒေါ့ဂျစ်ကားကြီးဖြင့် သွားခဲ့ရသည်။

ဗိုလ်လောင်းဆောင် ခေါ် ပုဏ္ဍမီဆောင်မှာ ရန်ကုန်မြစ်ကမ်းပေါ်တွင် ရှိပြီး
မြစ်ကို မျက်နှာပေး၍ ဆောက်ထားသည်။ H Block ဟုလည်း ခေါ်ပါသည်။အဆောင်မှာ "H"
ပုံစံရှိပြီး အလယ်ရှိ အတန်းမှာ တစ်ထပ်သာ ရှိသည်။ စာသင်ခန်း နှစ်ခန်း၊
ထမင်းစားခန်း၊ ထမင်းပြင်ခန်း နှင့် ဘားခန်းတစ်ခန်း ပါပါသည်။ အလယ်တွင်
ပေါ်တီကိုနှင့် ရှေ့တွင် ပန်းခြံတစ်ခု ရှိသည်။ ဘေးနှစ်ဖက်တွင်
လူနေခန်းများ ရှိပြီး နှစ်ထပ် ဖြစ်သည်။ အပေါ် ဆယ်ခန်း၊အောက်ဆယ်ခန်း
ရှိပြီး ထိပ်ဆုံးအခန်းများမှာ အိမ်သာများ ဖြစ်ပါသည်။ အခန်းငါးခန်းလျှင်
အိမ်သာတစ်ခုနှုန်း ရှိပါသည်။ ကျွန်တော်တို့ တပ်ဖွဲ့ကို တောင်ဖက်တန်း
အပေါ်ထပ် မြစ်ဖက်ပိုင်းတွင် နေရာပေးပါသည်။ သုံးယောက် တစ်ခန်း နေရပါသည်။
Arthur Ghosh၊ Stanley Khoo ခေါ် လှအောင် နှင့် Alphonse Genu က
တစ်ခန်း၊ကျော်မင်း၊ ခင်မောင်ဦး နှင့် ရဲညွှန့်က တစ်ခန်း၊ ကျော်ဝင်း၊
စိုးမြင့် နှင့် ပီတာသန်းအောင်က တစ်ခန်း၊ မျိုးသိန်း၊တင်မောင်ဦး နှင့်
ထွန်းလင်းမော်တို့က တစ်ခန်း ဖြစ်ပါသည်။

ဗိုလ်လောင်းဆောင်တွင် ထိုအချိန်က အတူတူ နေခဲ့ကြသော တပ်ဖွဲ့များမှာ

၁။ ကုန်သွယ် ရေကြောင်း ဗိုလ်လောင်း တပ်ဖွဲ့ ၁/၆၃
၂။ ကုန်သွယ် ရေကြောင်း ဗိုလ်လောင်း တပ်ဖွဲ့ ၁/၆၄ (ကျွန်တော်တို့ တပ်ဖွဲ့)
၃။ ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့ ၁/၆၃
၎။ ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့ ၂/၆၃ နှင့်
၅။ DSA (6) မှ ဒုဗိုလ် တပ်ဖွဲ့ တို့ ဖြစ်ကြ ပါသည်။

ရောက်သည့် နေ့မှာပင် CPO (Chief Petty Officer) ဆရာဝင်းဒင်
လာရောက်တွေ့ရှိပြီးလိုအပ်သည်များကို ပြောကြားပါသည်။ သူသည်
ကျွန်တော်တို့အား Navigation ဘာသာရပ် သင်သည့် ဆရာလည်း ဖြစ်ပါသည်။ ရောက်စ
ဖြစ်သည့် အတွက် အားလုံးပင် ခင်ခင်မင်မင်နှင့် ပျော်ရွှင် နေခဲ့ကြသည်။
Senior cadet များဖြစ်သော ကိုညီညီ၊ ကိုအေးထွဋ်၊ ကိုချစ်ကိုကို နှင့်
ကိုကျော်မြင့်တို့က ဖိနပ်တိုက်နည်း၊ ခါးပတ်တိုက်နည်း၊ ယူနီဖေါင်း
ဝတ်ပုံဝတ်နည်း နှင့် သင်တန်း၏ "အထာ" များကို ပြောပြကြသည်။ ကိုညီညီက
ထိုနေ့က Cadet Captain ဖြစ်သည်။ Cadet Captain ဆိုသည်မှာ Cadet များ
အလှည့်ကျ လုပ်ရခြင်း ဖြစ်ပြီး ကျွန်တော်တို့ တပ်ဖွဲ့၏ ပထမဆုံး Cadet
Captain (တပ်ဖွဲ့မှူး) ကား Arthur Ghosh ဖြစ်သည်။

တရံရောအခါက မြန်မာပြည်​မှာ (၁)


၁၉၆၃ ခုနှစ်၊ မက်ထရစ် အောင်စာရင်း ထွက်တော့ ကျွန်တော် မပါ။ စိတ်ဓါတ်
တော်တော်ကျ သွားသည်။ သူငယ်ချင်းများ အကုန်ကျ ကြသည်။ အတန်းထဲမှ မိန်းကလေး
သုံးယောက်သာ အောင်သည်။ သိန်းမြင့် တစ်ယောက်ကတော့ စစ်တက္ကသိုလ်
ပါသွားသည့် အတွက် မရှိတော့။

ကျောင်းပြန်တက် နေရသော်လည်း ပညာရေး စနစ်ကို သိပ် အယုံအကြည် မရှိတော့။
“သတင်းစာထဲ ရေကြောင်း ပညာသင်များ အလိုရှိသည်” ဆိုသော ကြော်ငြာတွေ့သည်
နှင့် သူငယ်ချင်းများ အားလုံးလိုလို လျှောက်ကြသည်။ ပထမ ရေးဖြေ စာမေးပွဲ
ဖြေကြရသည်။ မြန်မာစာနဲ့ အင်္ဂလိပ်စာ နှစ်ဘာသာ ဖြေရသည်။ တစ်နေ့ထဲ ဖြစ်သည်။
စာမေးပွဲကို ဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း) ရှိ ဗဟန်း အစိုးရ
အထက်တန်းကျောင်းတွင် ကျင်းပသည်။
ဖြေဆိုသူပေါင်းငါးရာခန့်ရှိသည်ဟုသိရသည်။

အောင်စာရင်း ထွက်သောအခါ အောင်မြင်သူ (၇၆) ယောက်သာ ပါရှိသည်။
သူငယ်ချင်းများထဲမှ မျိုးသိန်းတစ်ယောက်သာ ပါလာတော့သည်။ (နောင် ရေကြောင်း
ဦးစီးတွင် ညွှန်ကြားရေးမှုး(စက်)အဖြစ် အငြိမ်းစားယူသည်)
အောင်မြင်သူများကို ခြောက်ထပ်ရုံးရှိ ရေကြောင်းဦးစီး ဌာန တွင်
မျက်စိစစ်ရာ (၁၇) ယောက် ကျပြန်သည်။ တတိယ အဆင့်အဖြစ် ရတနာပုံ
ရေတပ်စခန်းတွင်ဆေးစစ်ပါသည်။ ပထမရက် အပြီး နောက်နေ့တွင် ပေါင်ကြားမှ
အမွှေးများ ရိတ်ခဲ့ရန် ပြောပါသည်။

ထိုအခါ အတူတူ သွားဖော် ဖြစ်သူ သူငယ်ချင်း မျိုးသိန်းအား

"ငါတော့ ရိတ်လည်း မရိတ်တော့ဘူး၊ နောက်နေ့ သွားလည်း မသွားတော့ဘူး၊
မင်းကတော့ အရပ်မြင့်မြင့် ဗလကောင်းကောင်း ဆိုတော့ ရနိုင်ပါတယ်၊ ငါကတော့
မသေချာတဲ့ အတူတူ မသွားတော့ဘူးကွာ” ဟု ဆိုခဲ့သည်။

"အမွှေးရိတ်ဖို့ ငါစီရင် ပေးပါ့မယ်၊ ငါနဲ့ အဖေါ် လိုက်ခဲ့စမ်းပါ၊ မနက်ဖြန်
ငါ့အမေဆိုင်ကို လာခဲ့၊ ထမင်းလည်း အတူတူစားတာပေါ့" ဟု သူငယ်ချင်း
မျိုးသိန်းက အားပေးသည်။

ဤနည်းဖြင့် ဆေးစစ်လည်း အောင်သွားခဲ့ ပါသည်။ စတုတ္ထအဆင့် စစ်ဆေးမှုမှာ
ရတနာပုံ ရေတပ်စခန်းတွင် ရေတပ်မတော် အရာရှိကြီးများ၏ လူတွေ့စစ်ဆေးခြင်း
ဖြစ်ပြီး နောက်ဆုံးအဆင့် အနေဖြင့် ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးလှဟန်
ဦးဆောင်သော ပညာသင် ရွေးချယ်ရေး အဖွဲ့ဝင်များမှ လူတွေ့
စစ်ဆေးခြင်းဖြစ်သည်။ ထိုနောက်ဆုံး အဆင့်တွင် (၁၇) ယောက်ပဲ ကျန်
ပါတော့သည်။

ရေကြောင်း ကုန်းပတ် အရာရှိလောင်း (Deck cadet) (၈) ယောက် ရွေးခဲ့ပါသည်။
အရွေးခံရသူများမှာ -

၁။ Arthur Ghosh (Capt. In Command, expired 1987)
၂။ Stanley Khoo (ခေါ်) လှအောင် (Master Mariner, Stevedoring Director, USA)
၃။ Alphonse Genu (ခေါ်) မောင်မောင်ဖုန်း (Capt. In Command-Retired)
၎။ ကျော်မင်း (Capt. In Command-Retired)
၅။ ခင်မောင်ဦး (Senior Lecturer in Nautical Studies-Retired, USA)
၆။ ရဲညွန့် (Capt. In Command-Retired)
၇။ ကျော်ဝင်း (Master Mariner-Pilot-Loss control surveyor, USA)
၈။ စိုးမြင့် (Capt. In Command-DGM-Retired)

ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း (Engine cadet) (၄) ယောက်
ရွေးပါသည်။ ထိုသူတို့မှာ -
၁။ မျိုးသိန်း (Director-Engg-DMA-Retired)
၂။ Peter Than Aung (CE-Class Surveyor)
၃။ တင်မောင်ဦး (Head of Marine Engg-IMT-Retired)
၎။ ထွန်းလင်းမော် (CE-Retired)

သူငယ်ချင်း မျိုးသိန်းအား အဖေါ်လိုက်ရင်း ဖြင့်ပင် ၁၉၆၄ခုနှစ် ဧပြီလတွင်
သံလျင် ဆိပ်ကြီးရှိ ရေတပ် လေ့ကျင့်ရေးကျောင်းသို့ သွားရန် ပြင်ဆင်
ရပါတော့သည်။

ဆက်ရန်