Friday, June 3, 2011

Giza, Egypt, 1966.


တရံရောအခါကမြန်မာပြည်မှာ (၁၃)။

ပုသိမ် သင်္ဘောသည် ၁၉၆၄ ခုနှစ်တွင် ဂျပန် စစ်လျော်ကြေးနှင့် ဝယ်ယူသော သင်္ဘော လေးစီးထဲမှ တစ်စီး ဖြစ်ပါသည်။ ပုသိမ်နှင့် အင်းဝ သင်္ဘောနှစ်စီးကို ဂျာမနီတွင် တည်ဆောက်ခဲ့ပြီး၊ ပင်းယနှင့် မြိတ် နှစ်စီးကို ဂျပန်တွင် တည်ဆောက်ခဲ့ ပါသည်။ လေးစီးစလုံး General Cargo သင်္ဘောများ ဖြစ်ပါသည်။ အရှည် ပေ ငါးရာကျော်ခန့် ရှိပြီး၊ ဗြက် ပေခြောက်ဆယ်ခန့် ရှိပါသည်။ ရေစူး ပေသုံးဆယ် ကျော်ရှိပြီး၊ ကုန် တန်ချိန် တစ်သောင်းကျော် တင်ဆောင် နိုင်ပါသည်။ ကုန်ပေါက် ငါးပေါက် ပါရှိပြီး ကုန်တင်ချရန် derricks များ ပါရှိပါသည်။ တန်ချိန် တစ်ရာကျော် ဝန်ချီမ နိုင်သော Heavy Lift Derrick တစ်ချောင်း လည်း ပါပါသည်။ ကျွန်တော်တို့ ထိုသင်္ဘောသို့ တက်သွားချိန်တွင် နှစ်နှစ်သားပဲ ရှိပါသေးသည်။ တော်တော်လေး သစ်ပါသည်။ ကျွန်တော်တို့ တတွေ သင်္ဘောပေါ် ရောက်တော့မှ Article Sign-On ပြုလုပ် ပါသည်။ (သင်္ဘောတွင် လစာ မည်၍ မည်မျှဖြင့် အချိန်ကာလ တစ်ခုအတွက် နေထိုင် လုပ်ကိုင် ပါကြောင်း၊ သင်္ဘောရှိ စည်းကမ်း၊ ဥပဒေ များကို နားလည် လိုက်နာ ပါမည့် အကြောင်း သဘောတူ စာချုပ် Article Of Agreement တွင် လက်မှတ် ထိုးခြင်း။)

ထိုစဉ်က Shipping Master မှာ ကပ္ပတိန် ညွန့်ဝေ ဖြစ်ပြီး၊ သင်္ဘော၏ ရေယာဉ်မှူးမှာ ကပ္ပတိန် နေဝင်း (ရန်ကုန်မြစ် ရေကြောင်းပြ၊ နောင် East Wind Shipping Management Local Representative) ဖြစ်ပါသည်။ Chief Officer မှာ ဦးခင်မောင်သိန်း၊ ဒုတိယ အရာရှိ ဦးထွတ်တင်၊ တတိယ အရာရှိ ဦးဝင်းမြင့်ထွန်း တို့ ဖြစ်ကြ ပါသည်။ Chief Engineer မှာ ဦးအောင်ဖေ ဖြစ်ပြီး၊ ဒုတိယ အင်ဂျင်နီယာ Oscar Day၊ တတိယ အင်ဂျင်နီယာ ဦးဘကျော်၊ စတုတ္ထ အင်ဂျင်နီယာ Tony Buchanan တို့ ဖြစ်ကြ ပါသည်။ စီနီယာ အရာရှိလောင်း နှစ်ယောက်မှာ James Ghosh နှင့် စိန်လင်းတို့ ဖြစ်ပါသည်။ သူတို့ နှစ်ဦးမှာ Captain deck ရှိ အရာရှိလောင်းများ အခန်းတွင် နေကြပြီး ကျွန်တော်တို့ ရှစ်ယောက်မှာ Main deck ပေါ်ရှိ Crew Mess ရှေ့မှ အခန်းလေးခန်းတွင် နှစ်ယောက် တစ်ခန်း နေကြရ ပါသည်။

Midship Accommodation တွင် အရာရှိများ နေကြပြီး Aft accommodation တွင် သင်္ဘောသားများ နေကြ ပါသည်။ Bosun မှာ သူရ ဦးသန်းညွန့် ဖြစ်ပြီး၊ Carpenter မှာ ဦးမောင်ကြီး ဖြစ်ပါသည်။ Assistant
Bosun မှာ ဦးအုန်းဟန် ဖြစ်ပါသည်။ Chief Cook မှာ ဦးတင်အောင်ဖြစ်ပါသည်။ Pantry man မှာ ဦးကြီးမြင့် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့ သင်္ဘောတွင် Albert Begent (ယခု Captain in Command- In Service, အဆိုတော် နွဲ့ယဉ်ဝင်း၏ ခင်ပွန်း) လည်း Seaman 1 အဖြစ် စာမေးပွဲ ဖြေဆိုရန် Sea Time ယူနေခဲ့ ပါသည်။

ထိုခေတ်က သင်္ဘောများတွင် သင်္ဘော ဝန်ထမ်း ဦးရေ တော်တော်များ ပါသည်။ ကျွန်တော်တို့ သင်္ဘောတွင်လည်း Deck Department တွင် အရာရှိသုံးယောက်၊ အရာရှိလောင်း ဆယ်ယောက်၊ Bosun အပါအဝင် သင်္ဘောသား (၁၂) ယောက် ဖြင့် စုစုပေါင်း (၂၅) ယောက်၊ Engine Department တွင် အရာရှိ (၈)ယောက်၊ Fitter, Electrician အပါအဝင် သင်္ဘောသား (၁၀) ယောက်၊ စုစုပေါင်း (၁၈) ယောက်၊ Saloon Department တွင် ထမင်းစားခန်းတွင် ငါးယောက် နှင့် galley တွင် လေးယောက်၊ Chief Steward အပါအဝင် ဆိုလျှင် စုစုပေါင်း (၁၀) ယောက်၊ ရေယာဉ်မှူး နှင့် Radio Officer ပါ ပေါင်းလိုက်ပါက သင်္ဘော တစ်စီးလုံးတွင် ဝန်ထမ်းဦးရေ စုစုပေါင်း (၅၅) ယောက် ရှိပါသည်။ ဤတွင် လေ့ကျင့်ရေး အရာရှိ ဗိုလ်မှူးကျော်မောင် မပါသေးပါ။ သူ့ကိုပါ ထည့်ပေါင်းမည် ဆိုပါက (၅၆) ယောက် ဖြစ်သွား ပါသည်။ သိုက်သိုက်ဝန်းဝန်းနှင့် ပျော်စရာကြီးပင် ဖြစ်သည်။

ကျွန်တော်တို့ ရှစ်ယောက်ကို အုပ်စုလေးစု ဖွဲ့ ခဲ့ပါသည်။ အုပ်စု တစ်စုတွင် အရာရှိလောင်း နှစ်ယောက် စီပါပြီး Day Work (On Deck) အုပ်စု တစ်စုနှင့် Watch Keeping (Bridge) အုပ်စု သုံးစု အဖြစ် တာဝန်များ ခွဲဝေ ချထား ခဲ့ပါသည်။ Watch Keeping အုပ်စု သုံးစုကို 4 to 8 Watch၊ 8 to 12 Watch နှင့် 12 to 4 Watch များတွင် တွဲထား ပါသည်။ အုပ်စုလေးစုအား အလုပ် တာဝန် တစ်ခုထဲတွင် ပုံသေ မထားဘဲ အပတ်စဉ် အလှည့်ကျ ပြောင်းထား ပေးပါသည်။ တနင်္ဂနွေနေ့မှ လွဲ၍ နေ့စဉ်နေ့တိုင်း နေ့လယ် နှစ်နာရီမှ ညနေ လေးနာရီ အထိ စာသင်ချိန် (Class Hours) ဖြစ်ပြီး၊ ည (၇) နာရီမှ (၉) နာရီ အထိ စာဖတ်ချိန် (Study Hours) ဖြစ်ပါသည်။ Bridge duty ကျသူမှ လွဲ၍ စာသင်ချိန်၊ စာဖတ်ချိန်များကို ပျက်ကွက်၍ မရပါ။ စာသင်၊ စာဖတ်ကြရာ နေရာမှာ Crew Mess ဖြစ်ပါသည်။

Sunday Inspection (သင်္ဘောတွင် လူနေခန်းများ၊ စတိုများ၊ အများနှင့် ဆိုင်သော နေရာများ သန့်ရှင်းရေး၊ လိုအပ်သည်များ ပြင်ဆင်ရေး၊ သင်္ဘောသားများ စည်းစနစ် ကျကျ နေထိုင်ရေး အတွက် တနင်္ဂနွေနေ့တိုင်း စစ်ဆေးရေး လုပ်သော ထုံးစံရှိသည်) ကို Chief Officer ဦးခင်မောင်သိန်းမှ လုပ်သည်က များပါသည်။ အိပ်ယာအောက်၊ Settee အောက်၊ တံခါးရှိ သော့ပေါက်၊ လေဝင် လေထွက် အပေါက်များပါ မကျန် အပင်ပန်းခံကာ အသေးစိတ် ကြည့်တတ် မြင်တတ်သူ ဖြစ်သည်။ နောင် ကျွန်တော် ရေကြောင်းသိပ္ပံတွင် ဆရာ ဖြစ်သောအခါ အရာရှိလောင်း များအား သူ၏နည်းများကို သင်ကြား ပြသ ခဲ့ပါသည်။

ကပ္ပတိန်နေဝင်းမှာ ထိုစဉ် အချိန်က လူပျိုကြီး ဖြစ် ပါသည်။ ထိုအချိန်က အိမ်ထောင် မကျသေးသူ သင်္ဘော အရာရှိများအား လူပျိုကြီးဟူ၍ ပြောသာ ပြောရသည်။ အသက်အားဖြင့်မူ သုံးဆယ်ကျော်သာ ရှိကြသေးသော လူလတ်ပိုင်းများ ဖြစ်ပါသည်။ (နောင်အခါအင်မတန်လှပပြီး၊အင်မတန်ငယ်သောအမျိုးသမီးတဦးနှင့်အိမ်ထောင်ကျပါသည်။)
ကျွန်တော်တို့ အတွက်မူ အင်မတန် ကြီးကျယ်သော ပုဂ္ဂိုလ်ကြီး များပါပေ။ Chief Officer ဦးခင်မောင်သိန်း သည်လည်း Master Mariner တစ်ယောက် ဖြစ်ပါသည်။ နေရာ လစ်လပ်မှု မရှိသေး၍ Captain မဖြစ်သေးခြင်း ဖြစ်သည်။ သူ၏ အမျိုးသမီးမှာ ဘိလပ်သူ အဖြူမ တစ်ယောက်ဖြစ်ပြီး Dawn ဟူသော လေးနှစ် သမီးလေး တစ်ယောက် ရှိပါသည်။ Command ရပြီးနောက် သိပ်မကြာ ကြယ်ငါးပွင့် သင်္ဘော တစ်စင်း UK ဆိပ်ကမ်း Avonmouth ဝင်ရောက်စဉ် သင်္ဘောပေါ်မှ ဆင်းသွားခဲ့ ပါသည်။ Capt. Vardon မှ လိုက်သွားပြီး သူ့ထံမှ သင်္ဘောကို လွှဲယူခဲ့ ရသည်။

နောင် University of Plymouth ၌ ကျွန်တော် ကျောင်းတက်နေစဉ် ကာလ ၁၉၈၀ ခုနှစ်၏ Easter Holiday တွင် သူတို့ နေထိုင်ရာ Cardiff, Wales သို့ သွားရောက် တွေ့ဆုံ ခဲ့ပါသည်။ ဦးခင်မောင်သိန်းမှာ ထိုစဉ်က Taiwan Shipping Company တစ်ခုတွင် Operation Manager လုပ်နေ ပါသည်။ Dawn မှာ အသက် (၁၈) နှစ်အရွယ် အပျိုလေးပင် ဖြစ်နေပြီး နောက်ထပ် Hazel ဟူသော ငါးနှစ်ခန့် သမီးငယ်လေး တစ်ယောက် တိုးနေ ပါသည်။ ကျွန်တော်နှင့် တွေ့ဖြစ်ပြီးနောက် မကြာမီပင် အိမ်ရောင်းပြီး London အနီးသို့ ရွှေ့သွားကြ ပါသည်။ ကျွန်တော် UK မှ မပြန်ခင် London တွင် နောက်ဆုံး တွေ့ဖြစ် ကြ သေးသည်။ ၁၉၈၀ ခုနှစ် မေလတွင် ဖြစ်ပါသည်။ နောက်ဆုံး ကြားသည့် သတင်းအရ ဦးခင်မောင်သိန်း တစ်ယောက် India တွင် ဟိန္ဒူဘုန်းကြီး လုပ်နေသည်ဟု သိရပါသည်။ သတင်း မှန်မမှန် မသေချာပါ။

Second Officer ဦးထွတ်တင်မှာ နားကောင်းကောင်း မကြားပါ။ သင်္ဘောလိုက်ရင်း မနီလာမြို့တွင် ကားတိုက်ခံရပြီး ကွယ်လွန်ပါသည်။ အိမ်ထောင် ကျသည်ဟု မကြားမိပါ။ Third Officer ဦးဝင်းမြင့်ထွန်းမှာ ကျွန်တော်တို့နှင့် အဖွဲ့ကျသော ကျွန်တော်တို့ အပေါင်းအသင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ကမ်းရောက်၍ အပြင်ထွက်ပြီ ဆိုလျှင် သူ့ဆီမှ အဝတ်အစားများ ငှားဝတ်ကြ ပါသည်။ သူကား မသင်းသင်းဆွေနှင့် အိမ်ထောင်ကျ ပါသည်။

ထိုစဉ်က ကျွန်တော်တို့ အရာရှိလောင်း များ၏ လခ ထက်ဝက်ကို စတာလင်ပေါင်ဖြင့် ပေးပါသည်။ သို့သော် သင်္ဘော မြန်မာပြည်၏ နယ်နိမိတ် အတွင်း၌ ရှိနေချိန်တွင်မူ မြန်မာကျပ်ငွေ ဖြင့်သာ ပေးပါသည်။ ပထမဆုံး လခကို လန်ဒန်မြို့တွင် ရရှိပါသည်။ စတာလင်ပေါင်ဖြင့် လေးပေါင် ရမည် ဖြစ်သော်လည်း သုံးပေါင်ကို Uniform ဝယ်ရန် ဖြတ်သဖြင့် တစ်ပေါင်ပဲ ထုတ်၍ ရပါသည်။ ထိုစဉ်က UK တွင် Fish & Chips တစ်ထုပ်ကို နှစ်သျှီလင်၊ ခြောက်ပဲနိ ပေးရသည်။ တစ်ပေါင်လျှင် နှစ်ဆယ် သျှီလင် ရှိသောကြောင့် Fish & Chips ရှစ်ထုပ် ဝယ်နိုင်ပါသည်။ (ယခုအခါ Fish & Chips တစ်ထုပ် လေးပေါင်မျှ ပေးရသည် ဟု သိရ ပါသည်။ ငွေကြေး ဖောင်းပွမှု (Inflation) ကား နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ၃၂၀၀% ပင် ရှိပေ၏။) နောက်တစ်ခု မှတ်မိသည်မှာ နွားနို့ဖြစ်သည်။ တစ်ပုလင်းလျှင် (၁၁) ပဲနိ သာ ပေးရ ပါသည်။ တစ်ပေါင် ဆိုလျှင် (၂၂) ပုလင်းခန့် ဝယ်နိုင်ပါသည်။

ကျွန်တော်တို့ အရာရှိလောင်းများမှာ တစ်လလျှင် Bonded Store (ဆိပ်ကမ်းများမှ အကောက်ခွန်လွတ် ဝယ်ယူထားသော သင်္ဘောပေါ်ရှိ ဆေးလိပ်၊ အဖျော် ယာမကာ စတို့ ဖြစ်ပါသည်) မှ လခ၏ ၁၀% ဖိုး (မြန်မာငွေ ၁၇ ကျပ်ခွဲဖိုး ခန့်) ဝယ်ယူခွင့်ရှိ ပါသည်။ ကျွန်တော်တို့ အရက် ဝယ်ခွင့် မရှိ၊ စီးကရက်သာ ဝယ်၍ ရပါသည်။ Lucky Strike တစ်ကာတွန်း လျှင် (၆) ကျပ် ကျပါသည်။ ဆိပ်ကမ်း ကပ်ချိန် ကမ်းပေါ်တွင် သွားရောင်းလျှင် တစ်ကာတွန်းကို တပေါင်နှင့် ငါးသျှီလင် ရပါသည်။ သို့နှင့် ကျွန်တော်တို့လည်း အပြင် တခါ ထွက်လျှင် စီးကရက် လေးငါးဘူး ခိုး၍ သယ်သွားပြီး ရောင်းစားကြ ပါသည်။