Friday, May 27, 2011

တရံရောအခါကမြန်မာပြည်မှာ (၁၁)။

ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင်အပြစ်ဒါဏ်မျိုးစုံ
ကျွန်တော့လောက်ခံဘူးသူရှိမည်မထင်ပါ။ ကမ်းတက်ခွင့်အပိတ်ခံရပြီးတာဝန်မှူးကြီးရုံးခန်းတွင်သုံးနာရီတခါလက်မှတ်
သွားထိုးရသည့်အခါလည်း ရှိသည်။နံနက်အလံတင်ကွင်းတွင်ဒိုင်ဗင်ထိုးသည့်အထဲလဲပါသည်။တာဝန်မှူးကြီးရုံးခန်းတွင်လေးလက်မ ကျည်ဆန်ကြီးကိုလဲထမ်းပြီးအကြိမ်လေးဆယ်ထိုင်ထလုပ်ခဲ့ ဘူးပါသည်။တခါကလမ်းလျှောက်တာမညီညာ သောကြောင့်တပ်ဖွဲ့ လိုက်တနာခွဲခန့် အပြေးတက်ကြရပါသည်။

ဒုတိယနှစ်တွင်ရေတပ်ဗိုလ်လောင်းအဖွဲ့ ၁/၆၅ နှင့်အတူပင်လယ်ပြင်လေ့ကျင့်ရေးထပ်ထွက်ကြရပါသည်။ ဤတခါမှာ Navigation လက်တွေ့ လုပ်ရန်ဖြစ်ပြီးကျွန်တော်တို့ နှင့်ဆရာဝင်းဒင်လိုက်ပါသည်။ ရေတပ် ဗိုလ်လောင်းအဖွဲ့ကမူ Engineering Knowledge အတွက်ဖြစ်ပါသည်။

စနေနေ့ညနေ စစ်ရေယာဉ်ရန်မျိုးအောင်ပေါ်သတင်းပို့ရပါသည်။
စနေနေ့သည် ပုံမှန်ဆိုလျှင် ကမ်းတက်ခွင့် ရှိသောနေ့ ဖြစ်ပါသည်။
ကမ်းတက်ခွင့်တောင်းသော်လည်းမရပါ။တာဝန်ကျအရာရှိမှာ ရေတပ်ဗိုလ်လောင်းတပ်ဖွဲ့ ၁/၆၃မှဖြစ်သောကြောင့်ထင်ပါသည်။ဆိပ်ကြီးဗိုလ်လောင်းဆောင်တွင်တူတူနေစဉ် ထဲကကြည့်မရတာဖြစ်ပေလိမ့်မည်။

နောက်တစ်နေ့ မိုးလင်းသည်နှင့် ရန်မျိုးအောင် ပေါ်တွင် နံနက်ချိန်ခါ တေးသံသာ ပါတော့သည်။ တရားခံကတော့ ကျွန်တော်တို့ ဗိုလ်လောင်းများ ဖြစ်ပါသည်။ ဗိုလ်လောင်းများ အလံတင်ရာတွင် ပေါ်မလာ သောကြောင့် စစ်ရေယာဉ်မှူး ဗိုလ်မှူးညွန့်အောင်က အားလုံးကို တန်းစီစေပြီး ဆူပူ ဟိန်းဟောက်ခြင်း ဖြစ်ပါသည်။ ဆိပ်ကြီး ရေတပ် လေ့ကျင့်ရေးကျောင်း၌ တနင်္ဂနွေ နံနက်ဆိုလျှင် သင်တန်းသားများ အလံတင်သော ထုံးစံမရှိခဲ့သဖြင့် ကျွန်တော်တို့ သတိလစ်သွားကြခြင်း ဖြစ်ပါသည်။ ထိုသို့ အစ(First Impression) မကောင်းခဲ့ သော်ငြား သင်္ဘော ထွက်သောအခါ တွင်တော့ ကျွန်တော်တို့ တပ်ဖွဲ့ကို Bridge ပေါ်သို့ ခေါ်ပါသည်။ မြစ်တွင်း သင်္ဘော သွားလာပုံကိုလည်း သေသေချာချာ ရှင်းပြ ပါသည်။ Buoy တွေအကြောင်း၊ Transit တွေ အကြောင်း၊ ရေ အတိမ်အနက်နှင့် ရေစီးကြောင်းများ အကြောင်း ဖြစ်ပါသည်။

ဤတွင် ဆိပ်ကြီးကျောင်းမှ သင်တန်းဆင်းပြီးနောက် ကြယ်ကြီး ငါးလုံး (မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း) သို့ ရောက်ရှိ နေကြသော ကျွန်တော်တို့၏ စီနီယာ အရာရှိလောင်းများ ဖောက်သည် ချသည်ကို သတိရမိ ပါသည်။ သူတို့ထဲမှ အရာရှိလောင်း တစ်ယောက်သည် Chart room ထဲတွင် ကြမ်းတိုက်နေရင်း Chart ကို လှမ်းကြည့် မိသည် ကို Chief Officer မှ မြင်သွားသော အခါ ပြောပုံကလေး ဖြစ်ပါသည်။ Chief Officer မှ Cadet အား "Cadet that's not to your standard (အဲဒါ မင်းအရာ မဟုတ်ဘူး) " ဟူ၍ ဆိုခဲ့ပါသတဲ့။ ထိုစဉ်က ကြယ်ငါးလုံး အရာရှိကြီးများ၏ စေတနာ ထားပုံ ကလေးတွေ ဖြစ်ပါသည်။

ကျွန်တော်တို့ တတွေသည် တာဝန်ကျချိန်တွင် Compass Error စစ်ဆေးခြင်း၊ Compass များ ညွှန်ရာ ကွာခြားမှု နှိုင်းယှဉ်ခြင်း၊ သင်္ဘော တည်နေရာ (Ship Position Fixing) ရှာခြင်း များကို ပြုလုပ်ခွင့် ရပါသည်။ တာဝန်ကျ အရာရှိမှ သူ လုပ်စရာ ရှိတာ သူ့ ဘာသာသူ လုပ်နေသလို၊ လေ့ကျင့်သူ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ဘာသာ သီးသန့် လုပ်ကြခြင်း ဖြစ်သည်။ Radar ကိုလည်း သုံးခွင့်ပြု ပါသည်။

စစ်သင်္ဘောတွင်တာဝန်ကျအရာရှိကအမိန့်ပေးပြီးရဲဘော်များအကုန်လုပ်ပါသည်။ Radar ဖွင့်ပိတ်တာ၊ Chart ရွေးတာ၊လဲတာ၊ Chart ပေါ်သင်္ဘော Position plot လုပ်တာ၊ Flashing သို့မဟုတ် အလံဖြင့် signal ပို့ တာအကုန်ရဲဘော်များလုပ်ကြပါသည်။ Bridge ပေါ်တွင်အမိန့် ပေးတာအားလုံးမြန်မာလိုဖြစ်ပါသည်။ ဦးတည်လမ်းကြောင်း (Course) ပြောရာတွင်"တစ် "နှင့် "နှစ်" မှားမှာစိုးသောကြောင့်၊တစ်ကို"တယော"၊နှစ်ကို"နီလာ"ဟုသုံးပါသည်။ကျွန်တော်တာဝန်ကျသောအချိန်တွင် မှတ်သားဖွယ်အဖြစ်အပျက်တခုဖြစ်ပျက်ခဲ့ ပါသည်။

ကော့သောင်းမှ မြိတ်သို့အသွား မြိတ်ကျွန်းစု ထဲတွင် ဖြစ်သည်။ ကျွန်တော်နှင့် ဆရာဝင်းဒင်မှာ Bridge ပေါ်တွင် Ship Position Fix လုပ်နေကြ ပါသည်။ Altering point (ဦးတည် လမ်းကြောင်း ပြောင်းရန် သတ်မှတ် နေရာ) ရောက်သောအခါ တာဝန်ကျ အရာရှိမှ "ဦးတည် လမ်းကြောင်း သုံးငါးသုည" ဟု အမိန့်ပေး ပါသည်။ အောက်ထပ်ရှိ တက်မခန်းမှ တက်မကိုင် ရဲဘော်က သူကြားသည့် အတိုင်း "ဦးတည် လမ်းကြောင်း သုညငါးသုညပါ ဗိုလ်ကြီး" ဟု
ပြန်အော် ပါသည်။ တာဝန်ကျအရာရှိသည် အမိန့်ပေးပြီးသည်နှင့် အခြားကိစ္စတစ်ခုကို သွားလုပ်နေခဲ့ ပါသည်။ ရဲဘော်က ထုံးစံအတိုင်း ပြန်အော်ပြီး အတည်ပြုချက် ယူခြင်းကိုလည်း ဆုံးအောင် နားမထောင်၊ လုပ်ဆောင်ချက် မှန်မ မှန်ကိုလည်း စောင့်၍ ကြည့် မနေခဲ့ပါ။ တက်မကိုင် ရဲဘော်ကလည်း သူနားလည်သည့်အတိုင်း (၀၅၀) သို့ ဦးတည် လမ်းကြောင်းကို လှည့်ချလိုက် ပါသည်။

သင်္ဘောဦးကား သွားရမည့် လမ်းကြောင်း၏ ညာဖက်သို့ ဒီဂရီ ခြောက်ဆယ်အထိ ကျော်ထွက် သွားသည်။ သင်္ဘောသည် "Three sisters" ကျွန်းဆီသို့ တည့်တည့်ကြီး ဦးတည်သွားနေခဲ့ ပါသည်။ ၎င်းကျွန်းသည် ကျောက်ဆောင် အလွန်ပေါသော ကျွန်းဖြစ်သည်။ တာဝန်ကျအရာရှိကား သင်္ဘောဦးကို ယခုအချိန်ထိ ခေါင်းမော့၍ မကြည့်သေးပါ။ စားပွဲနားတွင်ပင် ကုန်းကုန်း၊ ကုန်းကုန်းဖြင့် အလုပ်တွေ များနေ ခဲ့သည်။ သိပ်မကြာပါ။ ပထမဆုံး ကျွန်တော်က သတိပြုမိပါသည်။ သို့နှင့် ဆရာဝင်းဒင်အား သင်္ဘောရှေ့တွင် ကျွန်းကြီး ရှိနေကြောင်း သတင်းပို့ခဲ့ ပါသည်။ ဆရာဝင်းဒင်မှ တာဝန်ကျအရာရှိကို ပြောနေစဉ် တစ်ချိန်တည်းပင် ဒုစစ်ရေယာဉ်မှူး ဖြစ်သူ ဗိုလ်မှူး Masters ပြေးတက်လာပြီး "တက်မဝဲဆုံး (Hard a' port)" ဟု အမိန့်ပေးလိုက် ပါသည်။ ကံကောင်းပေစွ။ အကယ်၍သာ ကျောက်ဆောင်နှင့် တိုက်မိပါက စစ်သင်္ဘောကြီး သေချာပေါက် ပေါက်ကွဲမည် ဖြစ်ပြီး ကျွန်တော်တို့လည်း အသက်ရှင်ဖို့ မလွယ်ပါချေ။

ဤအဖြစ်အပျက်မှ ရခဲ့သည် တစ်သက်လုံး မှတ်မိနေသည့် သင်ခန်းစာမှာ မြန်မာလို "သုံး" နှင့် "သုည" မှာ နားကြား လွဲနိုင်သည် ဆိုသည် လေးတင် မကပါ။ တာဝန်ကျ အရာရှိဟူသည် မိမိပေးသည့် အမိန့်ကို တက်မကိုင် နားလည် မလည်၊ ကြား မကြား၊ အမှန်အတိုင်း လုပ်ဆောင်မှု ရှိ မရှိကို အမြဲ ဆန်းစစ် နေရန်နှင့် သင်္ဘော ဦးတည် လမ်းကြောင်း ပြောင်းတိုင်း သွားရမည့် လမ်းကြောင်းသစ်တွင် သင်္ဘောဦး အခြေကျ တည်ငြိမ် သွားသည် အထိ အခါမလပ် စောင့်ကြည့်နေရန် ဖြစ်သည်။

ကျွန်တော်တို့ မြန်မာများကား ပြောလျှင်လည်း မကြိုက်သလို အလုပ်တွင် စည်းကမ်းလည်း အလွန်မဲ့ကြသူ များလည်း ဖြစ်ကြပါသည်။ ဘေးအန္တရာယ် ကင်းရှင်းရေး အသိ (Safety Awareness) အလွန် နည်းကြသည်။ လိုအပ်သည်များကို သတိပေးလျှင်လည်း “မလိုပါဘူး၊ လုပ်နေကျပါ” ဟုသာ ဆိုသည်က များ၏။ “ကြောက်လို့လား” ဟူသည်က နောက်ဆက်တွဲ ပါလာသေးသည်။ အမှန်စင်စစ် မြန်မာ သင်္ဘောသားများ မတော်တဆ ဖြစ်ကြ၊ ဆုံးပါးသွား ကြသည်မှာ သင်္ဘောလိုက်သူ ဦးရေနှင့် တွက်ချက်၍ ရာခိုင်နှုန်းအရ ကြည့်မည်ဆိုလျှင် အလွန်များ ပါသည်။ ကျောက်ချထားစဉ် သင်္ဘော၏ ပဲ့ရေစူး (Aft Draft ) ကို ဆင်းဖတ်ရင်း ရေထဲကျ သေဆုံးသူများ၊ Tank Sounding ကို သေသေချာချာ မတိုင်းဘဲ ညာတာ များသောကြောင့် ပင်လယ် သမုဒ္ဒရာ အလယ်တွင် သင်္ဘော ဗိုက်ပေါက်၍ ရေဝင်သည်ကို မသိလိုက်ဘဲ ညအိပ်ချိန် သင်္ဘောမြုပ်ရာတွင် ပါသွားသူများ၊ Chemical Tanker များတွင် လိုအပ်သော အကာအကွယ် မယူဘဲ tank ထဲ ဆင်းသောကြောင့် သေကျေ ပျက်စီးသူများ၊ မသန်မစွမ်း ဖြစ်ကုန်သူများ၊ ဒဏ်ရာ ရသူများ စသည် စသည်ဖြင့် အများကြီး ရှိပေသည်။

ထိုအခေါက်က ရန်မျိုးအောင်နှင့် စီး၍ တိုင်းခန်းလှည့်လည် ခဲ့ကြသော ကျွန်တော်တို့ ဗိုလ်လောင်းအဖွဲ့ သည်ကား ကိုကိုးကျွန်း၊ ပုလဲကျွန်း၊ လန်ပီကျွန်း၊ ဗင်တစ်ကျွန်းနှင့် အခြား မြိတ်ကျွန်းစု အပိုင်ကျွန်းများကို အတော်လေးပင် စုံစုံလင်လင် ရောက်ခဲ့ ပါသည်။ ရောက်ခဲသော နေရာများပင်။

Wednesday, May 25, 2011

ပင်လယ်ထဲမှာသင်္ဘောဘယ်လိုရှောင်မလဲ? ။

ပထမဦးဆုံးသင်္ဘောချင်းတိုက်ခိုက်မှုဖြစ်နိုင်မဖြစ်နိုင်စစ်ဆေးပါ။

သင်္ဘောနှစ်စင်းကြားအကွာအဝေးလျှော့နဲလာပြီး Compass Bearing သိသိသါသါမပြောင်းလျှင်တိုက်နိုင်သည်။ တခြားသင်္ဘောသည်တဖြေးဖြေးဝေးသွားလျှင်သော်၎င်း၊ Compass Bearing နှစ်မိနစ်တခါခန့်ယူကြည့်သော်လည်း သိသိသါသါ (တခါနှင့်တခါဆယ်ဒီဂရီခန့်) ကွာလျှင် မတိုက်နိုင်ပါ။

တိုက်နိုင်ရင်ဘာလုပ်မလဲ? ။

မိမိသင်္ဘော၏ရှေ့တည့်တည့်မှာရှိလျှင်ညာကွေ့ရှောင်ပါ။
ညာမကွေ့နိုင်လျှင်စက်ရပ်ပစ်ပါ။ ဘယ်ကိုလုံးဝမကွေ့ပါနဲ့။

မိမိသင်္ဘော၏ညာဖက်မီးစိမ်းပြထားရာအရပ်တွင်ရှိပါကလည်း၊ ညာကွေ့ရှောင်ပါ၊ အဆင်မပြေကဘယ်ကွေ့နိုင်ပါသည်၊ သို့မဟုတ်သင်္ဘော၏အရှိန်ကိုလျှော့ခြင်း၊ တိုးခြင်းဖြင့်ရှောင်နိုင်ပါသည်။

မိမိသင်္ဘော၏ဘယ်ဖက်မီးနီပြထားရာအရပ်တွင်ရှိပါက စက်မောင်းယာဉ်မှလွဲ၍အားလုံးကိုညာဖက်တွင်တွေ့သည့်အ တိုင်းရှောင်ရမည်။ ဘယ်ဖက်ရှိစက်မောင်းယာဉ်ကရှောင်ပေးသည့်လက္ခဏာမတွေ့လျှင်
ဥသြအသံတိုအနဲဆုံးငါးဆက်တိုက်ဆွဲ၍သတိပေးရ မည်။ သူမရှောင်ကကိုယ်ရှောင်ရမည်။

နောက်မှကျော်တက်ကကျော်တက်သည့်သင်္ဘောကရှောင်ရမည်။ မရှောင်ကဥသြသံတိုအနဲဆုံးငါးချက်ဆက်တိုက်ဆွဲ၍ သတိပေးပါ။ သို့သော်သူမရှောင်ကကိုယ်ရှောင်ရမည်။
ကွေ့လျှင်သော်၎င်း၊ စက်လျှော့လျှင် သော်၎င်း၊ သိသိသါသါလုပ်ပါ။

မီးနီ နဲ့ဘောအမဲကိုသတိထား၊ များလေ ဆိုးလေ ဘဲ။

ဤသည်မှာ Collision Regulations (ROR) အကျဉ်းချုပ်ဖြစ်ပါသည်။

တရံရောအခါကမြန်မာပြည်မှာ (၁၀)။

စီနီယာများ ကျောင်းဆင်း ပြီးသည်နှင့် ကျွန်တော်တို့ တပ်ဖွဲ့ သုံးယောက် တစ်ခန်းမှ နှစ်ယောက် တစ်ခန်း နေခွင့် ရပါသည်။ ကျွန်တော်၏ အခန်းဖေါ်မှာ တင်မောင်ဦး ဖြစ်ပါသည်။ ဗိုလ်လောင်းဆောင်၏ မြောက်ဖက်ခြမ်းတွင် ကျွန်တော်တို့ တပ်ဖွဲ့ (၁၂) ယောက် နှင့်အတူ စီနီယာ အင်ဂျင်နီယာ အရာရှိလောင်း ငါးယောက်၊ ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့ ၁/၆၅ တို့ နေကြ ပါသည်။ ဗိုလ်လောင်း ဆောင်၏ တောင်ဖက်ခြမ်းတွင် စစ်တက္ကသိုလ်
အပတ်စဉ် (၇)ဆင်း ဒုဗိုလ်များ နေကြပါသည်။ ပထမနှစ်လောက် အနေအထိုင် မကြပ်တော့ဘဲ တော်တော်လေး လွတ်လပ် လာပါသည်။

တစ်နေ့တွင်မူ ကျွန်တော်နှင့် စီနီယာ အင်ဂျင်နီယာ အရာရှိလောင်း စိန်ကြုံးတို့ ကျောင်းမှ ခိုးထွက်ပြီး သံလျင်သို့ သွားလည် ကြပါသည်။ တရုတ် စားသောက်ဆိုင်တွင် ထမင်းစားကြ ပါသည်။ ကိုစိန်ကြုံးက ကျွန်တော့ကို ဘီယာ တစ်ဖန်ခွက် တိုက်ပါသည်။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ အရက် မသောက်ဘူးသော၊ အရက်အကြောင်းလုံးဝ နားမလည်သော ကျွန်တော်က "ခင်ဗျားဟာ ရေ လည်း မရောဘူး၊ တော်ကြာ မူးလဲသွား
ရင် ဘယ်နဲ့ လုပ်မလဲဗျ" ဟု ပြောရာ သူက ကျွန်တော့ကို ရေရေလည်လည် ဟားပါလေ တော့သည်။ ကိုစိန်ကြုံးသည် စာတော်သူ တစ်ယောက် ဖြစ်ပြီး ပထမဆုံး အင်ဂျင်နီယာ အရာရှိလောင်း သင်တန်း၏ အကောင်းဆုံး အရာရှိလောင်းဆု (Best Cadet) ရရှိခဲ့ ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် အရာရှိဖြစ်ပြီးနောက် စိတ်ရောဂါကြောင့် အလုပ်မှ အနားယူ ခဲ့ရပါသည်။

နောင် ကျွန်တော် ရေကြောင်းသိပ္ပံတွင် ကျောင်းဆရာအဖြစ် အလုပ် ဝင်သောအခါ ဆင်မလိုက် သင်္ဘောကျင်း အဝင်လမ်းတွင် နေထိုင်သူ ကိုစိန်ကြုံးနှင့် မကြာခဏ ဆိုသလို ဆုံတွေ့ ဖြစ်ကြပါ သေးသည်။ တစ်နေ့တွင် သူ၏အိမ်ရှိ ရေတွင်းထဲကျပြီး ရေနစ်သေဆုံး သွားခဲ့ပါသည်။ ကိုစိန်ကြုံးကား အင်မတန် ရိုးသားပြီး ပွင့်လင်းသူ တစ်ယောက် ဖြစ်ပါသည်။ မှတ်မိပါသေးသည်။ တခါက ဆိပ်ကြီးတွင် တပ်ဖွဲ့ကိုင် အရာရှိ
က ဟိန်းဟောက်ရင်းနှင့် "မင်းတို့ကိုယ် မင်းတို့ ဘာထင်လဲ" ဟုဆိုရာ ကိုစိန်ကြုံးက "Cadet ထင်ပါတယ် ခင်ဗျ" ဟု အရိုးခံဖြင့် ပြန်အော် ခဲ့ပါသည်။

ကျွန်တော်တို့ အရာရှိလောင်းများ၏ ဘဝ ဟူသည်ကား အချိန်ရှိသရွေ့ နေ့နေ့ညည ကျောင်းဝင်းထဲမှာပဲ နေရသည် ဖြစ်ရာ ဘာရယ်မဟုတ် တခါတလေ အပြင်သို့ ခိုးထွက်ပြီး ထမင်းကျော်၊ ခေါက်ဆွဲကျော်လေး စားရသည်ကပင် အရသာ တစ်မျိုး ဖြစ်သည်။ စွန့်စားခန်းကြီး တစ်ရပ် လည်းဖြစ်သည်။ အင်မတန် ပျော်စရာ ကောင်းသည် ဟု ထင်ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော့ ဘဝကို ပြောင်းလဲ ပေးလိုက်သော အဖြစ်အပျက် တစ်ခုကို မကွယ်မဝှက် အမှန်အတိုင်း တင်ပြပါရစေ။

ကျွန်တော် ရေကြောင်းသိပ္ပံ ကျောင်းသို့ ဆရာအဖြစ် ပြောင်းရွေ့စဉ် ၁၉၇၅ တွင် အပတ်စဉ်(၇) မှ ရေကြောင်း အရာရှိလောင်း (၁၂) ဦးသည် ပထမနှစ် သင်တန်းသားများ အဖြစ် ကျောင်းတွင် ရှိနေကြ ပါသည်။ Deck ချည်း ဖြစ်ပြီး အင်ဂျင်နီယာ အရာရှိလောင်းများ မပါပါ။ ကျောင်းရောက်ပြီး နှစ်ပတ်အကြာမှ စ၍ အရာရှိလောင်း သင်တန်း နှင့် ကျန်သင်တန်းများ အားလုံး၏ လေ့ကျင့်ရေးမှူး အဖြစ် တာဝန်ယူခဲ့ ရပါသည်။

ကျောင်းဆရာ ကျွန်တော့ အကြောင်းကို ၁၉၇၅ မှ ၁၉၈၈ အတွင်း သင်တန်း တက်ဖူးကြသူတိုင်း သိကြမည် ထင်ပါသည်။ ကျွန်တော် ကျောင်းတွင်နေခဲ့စဉ် ကာလ တစ်လျှောက်လုံး တပည့်မမွေး ဆရာမမွေးသူ၊ စည်းကမ်း အတိုင်းသာ လုပ်ခဲ့သူ ဖြစ်ပါသည်။ “ဘု”လည်း အင်မတန် ကျသလို အာဏာ၊ ရာထူး နှင့် ပိုက်ဆံကိုလည်း လုံးဝ မမျှော်ကိုးခဲ့သူ၊ သင်တန်းသားများ၏ ကောင်းကျိုးအတွက် သူတို့တစ်တွေ၏ အမုန်းခံကာ၊ မိမိကိုယ်တိုင် အပင်ပန်းခံကာ ပိုက်ဆံ အပိုတစ်ပြား မရဘဲ ဆိုဆုံးမပေးခဲ့သူ ဖြစ်ပါသည်။ သင်တန်းသားများကို နောင်ကြဉ်စေရန် ပြစ်ဒဏ်ပေးခြင်း၊ ဆိုဆုံးမခြင်း များနှင့်သာ ကောင်းရာကို ညွှန်ပြခဲ့ပြီး သင်တန်းသားများ၏ အလုပ်အကိုင်၊ ဘဝတက်လမ်း နှောင့်နှေး နစ်နာစေရေး အတွက် အရေးယူမှုမျိုး (အထက်ကို စာတင်ပြီး ကျောင်းထုတ် ပစ်ခြင်းမျိုး) လုံးဝ လုံးဝ မလုပ်ခဲ့ပါ။

၁၉၈၄ တွင် ဌာနမှူး (ရေကြောင်း) ဦးကျော်ညွန့် ကွယ်လွန် ပါသည်။ ထိုအချိန်က ကျွန်တော့တွင် ကျောင်းဆရာ လုပ်သက် (၉) နှစ် ရှိနေပြီ ဖြစ်ပြီး Master Mariner နှင့် D.M.S (Shipping Management) ဘွဲ့လက်မှတ် များလည်း ကိုင်ထားပါသည်။ သို့သော် အထက်လူကြီးများ အလိုလားဆုံး ဖြစ်သည့် လက်ညိုးထောင် ခေါင်းငြိမ့်၊ လူကြီးကြိုက် ပြောဆို လုပ်ကိုင်တတ်သော အရည်အချင်းတော့ ကျွန်တော့တွင် မရှိခဲ့ပါ။ ထို့ပြင် ကျွန်တော့အား
ဌာနမှူး ရာထူး တိုးပေးလျှင် နောင်တစ်ချိန် ကျောင်းအုပ်ကြီး ဖြစ်လာမည် ကိုလည်း စိုးရိမ်သည် ထင်ပါသည်။ ဇာတ်ပေါင်းထုပ် လိုက်သောအခါ ကျောင်းအုပ် ဖြစ်သူ ဦးတင်လှိုင်သည် သူ့စကား နားထောင်မည့် ဦးထင်ကျော်အား မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အတင်းခေါ်ယူပြီး ဌာနမှူးတာဝန် ယူစေခဲ့ပါသည်။

ဦးထင်ကျော် သည်ကား ၁၉၆၂ တွင် အင်္ဂလန်သို့ သွားရောက် သင်တန်းတက်ခဲ့သည့် နောက်ဆုံးသော မြန်မာ အရာရှိလောင်း ဖြစ်သည်။ စာလုံးဝ မသင်ပြဘူးပါ။ Post graduate study လည်း မတက်ဘူးပါ။ သို့သော် သူ့တွင် Command Experience (ကပ္ပတိန် အဖြစ် သင်္ဘောတွင် လုပ်ဖူးခြင်း) ရှိသည့် အတွက် ထိုရာထူးခန့်ခြင်းဟု အကြောင်းပြ ပါသည်။ အမှန်စင်စစ် ထိုအချိန်က Command Experience ဆိုသည်မှာ ကြယ်ငါးပွင့် သင်္ဘောများတွင် အချိန်မရွေး သွားရောက် ရယူနိုင်သော အခါ ဖြစ်သည်။ ဦးတင်လှိုင် ကိုယ်တိုင်ပင် Examiner Course တက်ရန် Command Experience လိုသည့် အတွက် ကြယ်ငါးပွင့်မှ ပုဂံသင်္ဘောပေါ် တက်ခဲ့ရပါ သေးသည်။ ရေကြောင်းကောလိပ်၏ ဌာနမှူး ဦးဇင်မောင်ထွန်း (ယခုရေကြောင်းတက္ကသိုလ်) သည်လည်း ထိုနည်းအတိုင်း ကြယ်ငါးပွင့်၌ Command Experience ယူခဲ့ရ ပါသည်။ ဦးထင်ကျော် ဌာနမှူးအဖြစ် ကျောင်းသို့ ရောက်လာပြီးနောက် လေ့ကျင့်ရေးမှူး အဖြစ်ပါ တာဝန်ယူခဲ့ ပါသည်။ ဘယ်အချိန်မှ စ၍ လေ့ကျင့်ရေးမှူး ဖြစ်သည်ကိုတော့ တိတိပပ မမှတ်မိ တော့ပါ။

အပတ်စဉ် (၁၉) အရာရှိလောင်းများ သင်တန်း တက်နေစဉ် ၁၉၈၇ ခုနှစ် တွင် ဖြစ်သည်။ ထိုနေ့က တာဝန်ကျ အရာရှိမှာ ကျွန်တော် ဖြစ်ပါသည်။ ညပိုင်းတွင် ထုံးစံအတိုင်း လူစစ်ခဲ့ရာ အရာရှိလောင်း သုံးဦးနှင့် တကွ အခြားသော သင်္ဘောသား၊ သင်တန်းသားများ ခွင့်မဲ့ ပျက်ကွက်နေကြောင်း တွေ့ရပါသည်။ ထိုအရာရှိလောင်း သုံးဦးမှာ

(၁) အင်ဂျင်နီယာ အရာရှိလောင်း မင်းသူ
(၂) အင်ဂျင်နီယာ အရာရှိလောင်း လှဖုန်းအောင်
(၃) ရေကြောင်း အရာရှိလောင်း ဇော်နိုင်လှ တို့ ဖြစ်ကြပါသည်။

ကျွန်တော်လည်း ထုံးစံအတိုင်း လေ့ကျင့်ရေးမှူးထံ အစီရင်ခံစာ တင်လိုက် ပါသည်။ ကျွန်တော် လေ့ကျင့်ရေးမှူးတုန်း ကဆိုလျှင် ဤအမှုမျိုးမှာ ကျွန်တော့ အမိန့်ဖြင့် ကမ်းတက်ခွင့် (Shore Leave) ပိတ်လိုက်ရုံဖြင့် ကိစ္စပြတ်သွားမည် ဖြစ်သည်။ ယခုသော် ထိုသို့မဖြစ်ခဲ့ဘဲ လေ့ကျင့်ရေးမှူးမှ ကျောင်းအုပ်ထံ ဆက်လက် တင်ပြသည်။ ကျောင်းအုပ် လုပ်သူကလည်း ဤကိစ္စလောက်ကို မဖြေရှင်းနိုင်သည် ပဲလား၊ “ငယ်သော အမှု ကြီးအောင်၊ ကြီးသော အမှု သောက်ကျိုးနည်း စေအောင်” စေတနာ ပိုနေ၍ပဲလား မသိ၊ ပို့ဆောင်ရေး ဝန်ကြီးဆီ အထိ ဆက်လက် တင်ပြရာ ဝန်ကြီးမှ အားလုံးကို ကျောင်းထုတ်၊ အလုပ်ဖြုတ်ပစ် လိုက်ပါသည်။ ထိုအရာရှိလောင်း သုံးဦးမှာ မျက်နှာ မရှိကြသည် လည်း ပါပါသည်။ လူကြီးသား များသာဖြစ်ပါက ဤသို့ ဖြစ်မည် မဟုတ်ပါချေ။

ကျောင်းသားမိဘများမှ ကျောင်းအုပ်ကို လာတွေ့ကြသော အခါတွင်တော့ ဦးတင်လှိုင်မှ “တာဝန်ကျ အရာရှိက တိုင်လို့ အရေးယူရတာပါ” ဟု ဆိုကာ ကျွန်တော်နှင့် ကျောင်းသားများကို ရန်တိုက် ပေးခဲ့ ပါသည်။ ကျွန်တော်လည်း အလွန် ဒေါပွသည် ဖြစ်သောကြောင့် ကျောင်းအုပ်ဖြစ်သူ ဦးတင်လှိုင်အား ဤသို့ ပြောခဲ့ပါသည်။

"ကျွန်တော်တို့ ကျောင်းဆရာ ဆိုတာ ကျောင်းသား စာမတတ်ရင် တတ်အောင်၊ စည်းကမ်းမရှိရင် ရှိအောင်၊ စိတ်ဓါတ်ညံ့ရင် ကောင်းအောင် လုပ်ဖို့ပါ။ သူတို့ဘဝ ပျက်စီးအောင် လုပ်ဖို့ မဟုတ်ဘူး ဆရာ။ ကျွန်တော်က စာတင်တိုင်း ဆရာတို့ ဘာမှမလုပ်ဘဲ ဝန်ကြီးဆီ တင်မယ်ဆိုရင် ဆရာတို့ နေရာတွေ … လေ့ကျင့်ရေးမှူးတို့၊ ကျောင်းအုပ်တို့ မလိုဘူး ပြာတာ တစ်ယောက်ပဲ လိုတယ်။”

လူကြီးဆိုသူများမှ လူငယ်တွေ၊ မျက်နှာ မရှိသူတွေ အပေါ် ဤမျှလောက်အထိ ဖိနှိပ်မည်၊ ယုတ်မာမည်ဟု ဘယ်သော အခါကမှ မထင်ခဲ့မိပါ။ ဤကိစ္စ အပြီးတွင်တော့ ကျွန်တော် ရေရေလည်လည် စိတ်ပျက် သွားပါသည်။ လုပ်ချင် ကိုင်ချင်စိတ် များလည်း ကုန်ခမ်းသွား ခဲ့သည်။

ထိုအချိန်က မင်းသူမှာ ကလောမှ ဖြစ်သောကြောင့် ရန်ကုန်တွင် နေစရာမရှိ၍ ကျွန်တော့အိမ်တွင် ခေါ်ထားရ ပါသည်။ နောင် မြောက်ဥက္ကလာပမှ အမျိုးသမီး တစ်ယောက်နှင့် အိမ်ထောင်ကျ ပါသည်။ ကျူရှင် ပြစားနေရာမှ ကျူရှင် ဥပဒေဖြင့် ထောင်ကျသဖြင့် သူ၏ အပတ်စဉ်မှ သူငယ်ချင်းများ ဝိုင်းဝန်း ကူညီကြသည်ဟု ကြားရ ပါသည်။ လှဖုန်းအောင်မှာ ကိုရီးယား သင်္ဘောတွင် လိုက်သွားရာမှ သင်္ဘောမြုပ်သည့် အထဲတွင် ပါသွားသည်ဟု သိရ ပါသည်။ ဇော်နိုင်လှ တစ်ယောက်ကတော့ သင်္ဘောလိုက် နေသေးသည်ဟု ကြားပါသည်။ (၂၀၁၀) က ရန်ကုန်၌ တပည့် ကျောင်းဆင်း အရာရှိလောင်း ဟောင်းများနှင့် ပြန်လည်ဆုံ ဖြစ်ပါသေးသည်။ သူတို့ အရာရှိလောင်း ဘဝက ဘယ်သို့ ဘယ်ပုံ အပြင်ခိုးထွက်သည့် အကြောင်းများကို ပြန်ပြောပြီး ရယ်ကြ မောကြသည့် အခါတိုင်း ကျောင်းထုတ် ခံရ၍ ဘဝပါ ပျက်သွားကြ ရရှာသော ကျွန်တော့ တပည့်ကျော် သုံးဦး အားသတိရမိပြီး အလွန်ပင် စိတ်မကောင်း ဖြစ်မိပါသည်။

Tuesday, May 24, 2011

At Concord, California, 2010.

Stan Khoo @ Hla Aung & Khin Maung Oo.

Latest Photo in Yangon, December 2010.

Front (L to R); Tin Maung Oo, Nyi Nyi, Kyaw Min, Ye Nyunt, Myo Thein, Khin Maung Oo.
Back (L to R): Maung Maung Phone, Soe Myint, Tin Maung Par, Kyaw Win.

ကျောင်းဆင်းသည့်နေ့၊ဧပြီ ၁၉၆၆။

Front (L to R); Soe Myint, Khin Maung Oo, Kyaw Min, Arthur Ghosh, Tin Maung Oo, Hla Aung.
Back (L to R); Maung Maung Phone, Myo Thein, Peter Than Aung, Kyaw Win, Tun Lin Maw,
Ye Nyunt.

တရံရောအခါက မြန်မာပြည်မှာ (၉) ။

ကျောင်းတက်ဖော်များ အကြောင်း၊ စီနီယာများ အကြောင်း ပြီးသော အခါ ကျွန်တော်တို့ (Mercantile Marine Cadets 2nd Batch 1964) အကြောင်းကို ဆက်ပါမည်။ ကိုယ်နှင့် အရင်းနှီဆုံးသူများ အကြောင်း၊ ကိုယ့်အကြောင်း ဖြစ်နေ၍ ကျွန်တော့ အနေနှင့် အသေးစိတ် ပြောပြနိုင် ပါသည်။ အသေးစိတ်လည်း ပြောပြချင်ပါသည်။

၁။ အရာရှိလောင်း Arthur Ghosh။

တောင်ငူ ဇာတိ၊ ဘင်ဂါလီလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ပါသည်။ ဖခင်မှာ လမ်းဝန်ထောက် တစ်ဦး ဖြစ်သည်။ ပထမ အပါတ်စဉ်မှ James Ghosh သည် သူ၏ အစ်ကို အရင်း ဖြစ်ပါသည်။ I.Sc. အောင်ပြီး ဆေးကျောင်း အမှတ်မီ သော်လည်း F.R.C မို့ အပယ်ခံရ ပါသည်။ B.A.(Final) တက်နေရင်း ဤအရာရှိလောင်း သင်တန်းသို့ ဝင်လျှောက်ရာတွင် ရွေးချယ် ခံခဲ့ရ ပါသည်။ စိတ်ဓါတ်ရော အကျင့်စာရိတ္တပါ ကောင်းမွန်ပြီး စွယ်စုံ တော်သူ တစ်ယောက် ဖြစ်သည်။ ဝတ်စား ဆင်ယင်မှု၊ နေမှုထိုင်မှု ကအစ သပ်သပ်ရပ်ရပ်ဖြင့် စည်းကမ်းရှိသူ တစ်ယောက်၊ ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းမွန်ပြီး အများက ချစ်ခင် လေးစားမှု ခံရသူ တစ်ယောက် ဖြစ်သည်။ ကျောင်းနေဖက် သူငယ်ချင်း မကြင်လန်း နှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကား ပါသည်။
Best Cadet (Nautical) ဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိခဲ့ပါသည်။

သူသည် ၁၉၇၂ ခန့် ကတည်းက First Mate (FG) အောင်သော်လည်း ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် အရာရှိလောင်း အဖြစ်သာ ဆက်လက် လုပ်ကိုင် နေခဲ့ရသည်။ F.R.C ဖြစ်သောကြောင့် ရာထူးတိုး မပေးခြင်း ဟု သိရပါသည်။ (စကားမစပ် ထိုစဉ်က သူ၏လခမှာ ၂၂၅ ကျပ် ဖြစ်ပါသည်) ထို့နောက် သိပ်မကြာပါ။ သူ၏ သင်္ဘော ကလ္လကတ္တား (Calcutta) ဆိပ်ကမ်း ရောက်နေစဉ် သင်္ဘောပေါ်မှ ဆင်းသွား ပါတော့သည်။ နောက်ပိုင်းတွင် Tomo Shipping ၌ ဝင်ရောက် လုပ်ကိုင်ပြီး
Singapore တွင် Second Mate အဆင့်မှ စပြီး စာမေးပွဲ ပြန်ဖြေပါသည်။ Master (FG) အောင်ပြီးသည့်နောက် စင်ကာပူ အစိုးရပိုင် Neptune Orient Line တွင် Captain အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ စင်ကာပူတွင်ပဲ မိသားစုနှင့် အတူ အခြေချ နေထိုင်ခဲ့ ပါသည်။
၁၉၈၇ ခုနှစ် အစ Persian Gulf တွင် စစ်မီးလောင် နေစဉ် သူ၏ ကုမ္ပဏီမှ သင်္ဘော တစ်စင်း ထိုဒေသသို့ သွားရန် ကြုံလာပါသည်။ စစ်အတွင်း ဖြစ်နေ၍ ထိုသင်္ဘောနှင့် လိုက်ချင်သူ မရှိဖြစ်နေရာ ခွင့်ယူထားချိန် ဖြစ်သော်လည်း Volunteer လုပ်ပြီး သွားခဲ့ ပါသည်။ မတ်လကုန် Persian Gulf မှ ပြန်အထွက်တွင် အီရန်စစ်တပ်မှ ပစ်လိုက်သော ဒုံးကျည်ထိ၍ သင်္ဘော မီးလောင်ပြီး ကွယ်လွန်ခဲ့ ပါသည်။ကွယ်လွန်ချိန်တွင်အသက် (၄၃) ခန့် သာရှိသေး သည်။

၂။ အရာရှိလောင်း Stanley Khoo ခေါ်လှအောင်။

တရုတ်လူမျိုး ဖြစ်ပါသည်။ သူ့အမ၏ အမျိုးသားသည် အခြားမဟုတ်။ ယခင် ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် Deputy General Manager လုပ်သွားသူ ဦးထွန်းရင် ဖြစ်ပါသည်။ ၁၉၇၆ Master (FG) အောင် ပြီးလျှင်ပြီးချင်း မိခင်ရှိရာ အမေရိကားသို့ သွားရောက် အခြေချ နေထိုင်ခဲ့သူ ဖြစ်သည်။ Marine Terminals Corporationတွင် ဝင်ရောက် လုပ်ကိုင်ရာ Regional Manager အထိ ဖြစ်ခဲ့ ပါသည်။ ယခုအခါ တွင်တော့ ကိုယ်ပိုင် ကုမ္ပဏီတစ်ခု ထူထောင်ပြီး အလုပ်ဖြစ် နေပါသည်။
အမေရိကား ရောက်မှ အိမ်ထောင်ကျပြီး သားနှစ်ယောက် ထွန်းကားသည်။ California ပြည်နယ် Concord မြို့တွင် Stan Khoo ဟူသော အမည်ဖြင့် မိသားစုနှင့် အတူ နေထိုင်လျက် ရှိပါသည်။ Half Moon Bay မြို့ရှိ ဓမ္မာနန္ဒ ဘုန်းကြီးကျောင်းတွင် အခြေစိုက်သော Theravada Buddhist Society of America (TBSA) အသင်းကြီး၏ ဥက္ကဌလည်း ဖြစ်ပါသည်။

၃။ အရာရှိလောင်း Alphonse Genu ခေါ် မောင်မောင်ဖုန်း။

တွံတေးမှ ဦး Genu ၏သား ဖြစ်ပါသည်။ ဌက်အော်စန်း ကျောင်းထွက် ကရင် ခရစ်ယန် တစ်ယောက် ဖြစ်ပါသည်။ ဆိပ်ကြီး ကျောင်းဆင်းခါနီးမှ မောင်မောင်ဖုန်း ဟူသော အမည်သို့ ပြောင်းခဲ့သည်။ လေးခွပစ် အလွန်ကောင်းပြီး ဖမ်းမိသမျှ သတ္တဝါအကုန် စားသော ပုဂ္ဂိုလ် ဖြစ်ပါ၏။ အိမ်ထောင်ကျပြီးနောက် သမီးနှစ်ယောက်၊ သားတစ်ယောက် ထွန်းကား ပါသည်။ Regional Container Lines (RCL) တွင် Captain အဖြစ် နောက်ဆုံး လိုက်ခဲ့ပြီး အနားယူ
သွား ပါသည်။

၎။ အရာရှိလောင်း ကျော်မင်း။

ဦးဘချစ်၏ သားဖြစ်ပြီး လှည်းတန်းတွင် နေထိုင်ပါသည်။ T.T.C. ကျောင်းထွက် ဖြစ်ပါသည်။
အမ၏ သူငယ်ချင်းဖြစ်သူ မရီရီသော်နှင့် အိမ်ထောင်ကျ ပါသည်။ ဇနီးသည်အားအလွန်ချစ်ပြီး၊ဇနီးသည်၏စကားကိုအမြဲနားထောင်ပါသည်။
ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် တောက်လျှောက် လုပ်ကိုင်ခဲ့ပြီး Captain အဖြစ် အနားယူခဲ့ ပါသည်။ ယခုအခါ လှိုင်သာယာ FMI City တွင် မိသားစုနှင့် အတူနေထိုင်လျက် ရှိပါသည်။ သူသည်လည်း မြေးတို့၏ ဖိုးဖိုးကြီး ပါပဲ။

၅။ အရာရှိလောင်း ခင်မောင်ဦး။

ကျွန်တော့ကို အဖ ဦးမောင်မောင်၊ အမိ ဒေါ်အုန်းကြည်တို့မှ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မွေးဖွားခဲ့ ပါသည်။ မွေးချင်း ငါးယောက်အနက် အကြီးဆုံး ဖြစ်ပါသည်။ ညီမသုံးယောက် ရှိပြီး အငယ်ဆုံးညီမှာ Mercantile Marine Cadet 11th Batch (Nautical) 1979 မှ ခင်မောင်ထွေး ဖြစ်ပါသည်။ (ယခု Australia, Perth မြို့တွင် မိသားစုနှင့်အတူ အခြေချ နေထိုင်နေသည်) ။

၁၉၆၆ ဆိပ်ကြီး ကျောင်းဆင်း ပြီးချိန်မှ စ၍ ၁၉၇၅ အထိ ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ၁၉၇၀ တွင် တင်တင်ဝင်း နှင့် လက်ထပ် ပါသည်။
၁၉၇၅ တွင် ရေကြောင်းသိပံ္ပ ကျောင်းသို့ ပြောင်းရွေ့ ခဲ့သည်။ ၁၉၇၆ ဧပြီလတွင် Master (FG) အောင်ပြီး အမြဲတန်း ကထိက ဖြစ်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် အပတ်စဉ် (၁၉) မှ အရာရှိလောင်း သုံးဦးကို သင်တန်းမှ ထုတ်ပယ်မှုနှင့် စပ်လျဉ်း၍ ကျောင်းအုပ်ဖြစ်သူ ဦးတင်လှိုင်နှင့် အကြီးအကျယ် စကားများခဲ့ ပါသည်။ ထိုစဉ်က ထုတ်ပယ်ခြင်း ခံရသူ ကျောင်းသားများ အတွက် လွန်စွာ စိတ်မကောင်း ဖြစ်မိပြီး စိတ်စေတနာ မကောင်းသော လူကြီးများနှင့် အလုပ်တွဲ လုပ်ချင်စိတ် လုံးဝ ကုန်ခမ်း သွားခဲ့ပါသည်။

ထိုသို့ ဖြစ်နေစဉ် ၁၉၈၈ အရေးအခင်းကြီး ပေါ်လာပါသည်။ ဆန္ဒပြသူ ကျောင်းသားများအား လိုက်ပါ စောင့်ရှောက်ရင်း ကျွန်တော်လည်း အရေးအခင်းတွင် ပါဝင်ခဲ့ ပါသည်။ အရေးအခင်း အပြီးတွင် ကျောင်းအုပ်ဖြစ်သူ ဦးတင်လှိုင်မှ "မင်းကို ဝန်ကြီးက ထွက်ရင် ကောင်းမယ်တဲ့" ဟု ပြောရာ ကျွန်တော် လည်း တစ်ခါတည်း ထွက်စာ တင်လိုက် ပါသည်။ ထိုစဉ်က ကျွန်တော်၏လခမှာ ၁၅၀၀ ကျပ် ဖြစ်သည်။ (USD 1= K.45/- ခန့် ရှိသောအချိန်)

မေလတွင် ထွက်ခွင့် ကျပြီး ဂျွန်လတွင် Gewin Company မှ Panamax Bulk Carrier "Araucaria" ပေါ်တွင် Chief Officer အဖြစ် အလုပ်ရ ပါသည်။ ငါးလခန့် လုပ်ပြီး သောအခါ Command ရပါသည် (ကပ္ပတိန် အဖြစ် ရာထူးတိုးပါသည်)။ ထိုသင်္ဘောတွင် တစ်နှစ် တာဝန် ထမ်းဆောင်၍ အိမ်ပြန်ရောက်ပြီး သိပ်မကြာပါ။ ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် Malaysia Maritime Academy (ALAM), Malacca, Malaysia တွင် Senior Lecturer in Nautical Studies အဖြစ် ပြောင်းရွေ့ လုပ်ကိုင် ခဲ့ပါသည်။

၁၉၉၆ ခုနှစ် အကုန်တွင် မိခင်ဖြစ်သူ နာမကျန်း ဖြစ်ရာ ရန်ကုန်သို့ ပြန်လာခဲ့သည်။ ကျွန်တော့မိခင်၏ နောက်ဆုံး နေ့ရက်များတွင် မိခင်နား၌ နေရင်း Uniteam Marine Company တွင် စာသင်ပြ ပေးသော အလုပ်လုပ်ခဲ့ ပါသည်။ ၁၉၉၇ ခုနှစ် မေလတွင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ ပါသည်။ သို့နှင့် ဇနီးရှိရာ အမေရိကား၊ ကာလီဖိုးနီးယားသို့ သမီးထွေး ဇင်ဝေထိုက် ခေါ် သုသု နှင့်အတူ ၁၉၉၈ ခု မေလတွင် ပြောင်းရွေ့ ခဲ့ပါတော့
သည်။ (ထိုအချိန်က အကြီးဆုံးသမီး အေးငြိမ်းဦးနှင့် သားလတ် မင်းသူရိန် တို့မှာ အိမ်ထောင် အသီးသီးကျနေကြပြီ ဖြစ်ရာ မြန်မာပြည်တွင်ပဲ ကျန်နေရစ်ကြ ပါသည်) ကျွန်တော် အနေနှင့် ယခုအခါ အလုပ်မလုပ် တော့သော်လည်း အငြိမ်းစားတော့ မရသေးပါချေ။ ဘွားဘွားကြီး၏ ဘိုးဘိုးအဖြစ်မှသည် မြေးသုံးယောက် တို့၏ ဘိုးဘိုးကြီး အဖြစ် ရာထူးတိုးနေပြီ မဟုတ်ပါလား။

၆။ အရာရှိလောင်း ရဲညွန့်။

အဖ-ဗိုလ်ကြီးစံရွှေ ဖြစ်ပါသည်။ မင်္ဂလာ တောင်ညွန့်တွင် နေခဲ့ ပါသည်။
မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် အလွန် စည်းကမ်းတင်းကြပ်သော (ကျစ်သော) Captain အဖြစ် နာမည်ကြီးခဲ့ ပါ၏။ မမြမြသန်းနှင့် အိမ်ထောင်ကျကာ သားတစ်ယောက် ထွန်းကား ပါသည်။ ဇနီးသည် ကွယ်လွန်သွားချိန် မှစ၍ အလုပ်မှ အနားယူကာ တရားအလုပ် လုပ်လျှက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ် Oasis Lane တွင် နေထိုင်လျက် ရှိပါသည်။ သားတော်မောင် ကတော့ အိမ်ထောင်ပြုပြီး သည့်နောက် Australia ၌ နေထိုင်လျက် အခြေကျ နေပါပြီ။ သူသည်လည်း ဖိုးဖိုးကြီး အဖွဲ့ဝင် ဖြစ်ပါ၏။

၇။ အရာရှိလောင်းကျော်ဝင်း။

အဖ-သစ်တောခရိုင်ဝန် ဦးစိန်ဘွား ဖြစ်ပါသည်။ မေမြို့ St. Albert ကျောင်းထွက် ဖြစ်သည်။ အားကစား တော်သည်။ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလိုင်း လိုက်ပြီးနောက် ရန်ကုန် ဆိပ်ကမ်းတွင် ရေကြောင်းပြ (Pilot) အဖြစ် ဝင်ရောက်လုပ်ကိုင် ပါသည်။ တစ်ဖက်က ရေကြောင်း ကျူရှင်ဆရာ လည်း လုပ်လိုက် ပါသေးသည်။ ထိုမှတဖန် မလေးရှား Port Klang တွင် ရေကြောင်းပြ လုပ်ပြန် ပါသည်။ ဇနီး ဖြစ်သူ မလှလှသန်း အမေရိကန်အသံ (Voice of America) တွင် အလုပ် ရသောအခါ အမေရိကားသို့ ပြောင်းရွှေ့ အခြေချ ခဲ့ပါသည်။ ယခုအခါ အမေရိကတွင် ကိုယ်ပိုင် Company ထူထောင်ပြီး Loss Control Surveyor လုပ်နေ ပါသည်။ သမီးနှစ်ယောက် သားတစ်ယောက် ရှိပါသည်။ မည်သူမျှ အိမ်ထောင်ကျသည်ဟု မကြားမိ သေးပါ။ Maryland ပြည်နယ်၊ Silver Spring တွင် နေထိုင်လျက် ရှိပါသည်။ Mercantile Marine Cadet 9th Batch 1977 မှ ဖုန်းမြင့်သည် သူ၏ညီအရင်း ဖြစ်ပါသည်။

၈။ အရာရှိလောင်း စိုးမြင့်။

အဖ- ဦးဘဆင် ဖြစ်ပါသည်။ St. Paul ကျောင်းထွက် ဖြစ်၍ ကျောင်းနာမည် Harry Sin ဖြစ်ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်း၏ Captain၊ ထို့နောက် Deputy GM (Research) အဖြစ် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစား ယူခဲ့ပါသည်။ ဇနီးသည်မှာ မချိုချိုအောင်ဖြစ်ပြီး သမီး နှစ်ယောက်၊ သား တစ်ယောက် ထွန်းကား ပါသည်။ သူ၏သားသည်လည်း ရေကြောင်းသိပ္ပံ ကျောင်းဆင်း ရေကြောင်း အရာရှိ တစ်ယောက်ပင် ဖြစ်ပါသည်။

၉။ အရာရှိလောင်း မျိုးသိန်း။

သူငယ်တန်း ကတည်းက ကျွန်တော်နှင့် တစ်တန်းထဲ ကျောင်းနေဖက် သူငယ်ချင်း ငယ်ပေါင်း ဖြစ်ပါသည်။ ရေကြောင်းလောက ထဲတွင်လည်း အတူတူ ဝင်ရောက် ကျင်လည် ခဲ့ကြ ပါသည်။ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ မခင်မျိုးသန်းနှင့် အိမ်ထောင်ကျ ပြီး သားလေးယောက် ထွန်းကား ပါသည်။ သူလည်း ဖိုးဖိုးကြီးပင် ဖြစ်လို့ နေပါပြီ။

ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် Chief Engineer ဖြစ်ပြီးနောက် ရေကြောင်းဦးစီး ဌာနသို့ ပြောင်းရွေ့ ခဲ့ပါသည်။ နောင် ရေကြောင်းဦးစီး ညွှန်ကြားရေးမှုး (စက်) အဖြစ် အငြိမ်းစား ယူပါသည်။ သူသည် လူအများနှင့် လိုက်လျောညီထွေ ဖြစ်အောင် မနေတတ်သူ ဖြစ်၍ တော်တော်များများက သူနှင့် မတည့်ကြပါ။ ယခုအခါ Uniteam Marine Company တွင် စာသင်ပြ နေပြီး ကမာရွတ်တွင် နေထိုင်လျက် ရှိပါသည်။ (Best Cadet (Engine) ဆုကိုရရှိခဲ့ပါသည်။)

၁၀။ အရာရှိလောင်း ထွန်းလင်းမော်။

ဗိုလ်မှူးကြီး လှမော်၏ သား ဖြစ်ပါသည်။ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း Chief Engineer အဖြစ် အငြိမ်းစား ယူပါသည်။ အိမ်ထောင်ကျပြီးနောက် သမီးသုံးယောက် ထွန်းကား ပါသည်။ ယခုအခါ ပြည်ဖက်တွင် ခြံလုပ်ငန်း လုပ်နေသည်ဟု သိရပါသည်။ သူလည်း မြေးတို့၏ ဖိုးဖိုးကြီး ပါပဲ။

၁၁။ အရာရှိလောင်း ပီတာသန်းအောင်။

ဒေါက်တာ သန်းအောင် (TB Specialist) ၏ သား ဖြစ်သည်။ ကျွန်တော်တို့ ထဲတွင် ရှားရှားပါးပါး လူပျိုကြီး ဖြစ်ပါ၏။ ကြယ်ငါးပွင့် သင်္ဘောလိုင်း တွင် Chief Engineer ဖြစ်ပြီးနောက် ဘန်ကောက်တွင် Germanicher Lloyds Class Surveyor အဖြစ် လုပ်ကိုင် ခဲ့ပါသည်။ ယခုအခါ ရန်ကုန်၊ နတ်မောက်လမ်း တွင် နေထိုင်လျက် ရှိပြိး Surveyor အဖြစ်ပင် လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။

၁၂။ အရာရှိလောင်း တင်မောင်ဦး။

မအူပင်သား ဖြစ်ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် Chief Engineer ဖြစ်ပြီး ရေကြောင်း သိပ္ပံကျောင်းတွင် ဆရာအဖြစ် ဝင်ရောက် အမှုထမ်း ပါသည်။ ဌာနမှူး (စက်) အဖြစ် အငြိမ်းစား ယူခဲ့ပြီး ယခုအခါ စမ်းချောင်း မြေနီကုန်း မြေနုလမ်း တွင် မိသားစုနှင့် အတူ နေထိုင်လျက် ရှိပါသည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါသည်။