Sunday, May 22, 2011

တရံရောအခါက မြန်မာပြည်မှာ (၇)။

ကျွန်တော်တို့နှင့် ကျောင်းတက်ဖော်များ အကြောင်းလည်း ပြောရ ပေဦးမည်။ ဗိုလ်လောင်းဆောင်တွင် အတူတကွ နေထိုင်သော ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့မှ ဗိုလ်လောင်း များသည် ကျွန်တော်တို့နှင့် စာလျှင် လူကြီးများ ဖြစ်ကြသည်။ အနိမ့်ဆုံး ပညာအရည်အချင်းမှာ I.Sc အောင်ပြီး အများအားဖြင့်မူ ဘွဲ့ရများ ဖြစ်ကြသည်။ ထူးခြားချက် တစ်ခုမှာ ကျွန်တော်တို့ ရောက်စဉ်က ရှိနှင့်နေပြီး ဖြစ်သော ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့ နှစ်ဖွဲ့မှာ ရေတပ်မှ တိုက်ရိုက် ခေါ်ယူသော နောက်ဆုံး နှစ်သုတ် ဖြစ်ခြင်းပင်။ ထို့နောက်တွင်မူ DSA သို့မဟုတ် OTS မှ ကျောင်းဆင်း များသာ ဆိပ်ကြီးသို့ ဒုဗိုလ်အဖြစ် ရောက်လာကြပြီး ရေကြောင်း ပညာရပ်များကို သင်ယူခဲ့ ကြသည်။

ကျွန်တော်တို့နှင့် တစ်နေ့တည်း ဆိပ်ကြီးသို့ ရောက်လာ ကြသူများမှာ DSA အပတ်စဉ် (6) ဒုဗိုလ်တပ်ဖွဲ့ ဖြစ်ပါသည်။ အရာရှိငယ် သင်တန်း တက်ရန် ရောက်လာ ခဲ့ကြခြင်း ဖြစ်သည်။ DSA အပတ်စဉ် (7) နှင့် (8) တပ်ဖွဲ့ နှစ်ဖွဲ့ကိုမူ သူတို့တစ်တွေ ဗိုလ်လောင်းဘဝဖြင့် ဆိပ်ကြီးသို့ သင်တန်းတို လာတက်စဉ် ဆုံလိုက်သည်။ ထိုနောက်ပိုင်းတွင်မူ DSA ဗိုလ်လောင်းများ ရောက်မလာကြ တော့ပြန်ပါ။ တစ်ဖန် ၁၉၆၅ ခုနှစ်တွင်DSA (7) မှ ဒုဗိုလ်များ အရာရှိငယ် သင်တန်း လာတက် ကြပါသည်။ OTS မှ ဆင်းလာသော ရေတပ် ဗိုလ်လောင်းတပ်ဖွဲ့ ၁/၆၅ နှင့်လည်း ၁၉၆၅ တွင်ပင် ဆုံလိုက် ပါသည်။ မှတ်မှတ်ရရ ၎င်းအဖွဲ့တွင်ပင် ရေကူးချန်ပီယံ တင်မောင်နီကို ဒုဗိုလ်အဖြစ် ခန့်လိုက် ပါသည်။

၁၉၆၄ နှစ် ကုန်ပိုင်းတွင် ကုန်သွယ်ရေကြောင်း အုပ်ချုပ်မှုအရာရှိလောင်း သင်တန်း ၁/၆၃ နှင့် ရေတပ် ဗိုလ်လောင်း သင်တန်း ၂/၆၃ တို့ ပူးတွဲ သင်တန်းဆင်း ကြပါသည်။ ထိုစဉ်က ရေတပ် လေ့ကျင့်ရေး ကျောင်းအတွက် အတော် ကြီးကျယ်သော သင်တန်း ဆင်းပွဲကြီး ဖြစ်သည်။ အရာရှိလောင်းအောင်မြင့်က
Best Cadet ရရှိသည်။
သင်တန်းဆင်းပွဲတွင် အင်ဂျင်နီယာ အရာရှိလောင်း ငါးယောက် မပါဝင် ခဲ့ပါ။
(မူလက သင်တန်းအစတွင် အင်ဂျင်နီယာ အရာရှိလောင်း ခြောက်ဦး ရှိသော်လည်း အရာရှိလောင်းအောင်သန်းမှာ ရေကြောင်း အုပ်ချုပ်မှု အရာရှိလောင်း (Deck) ကို လျှောက်ခြင်းဖြစ်၍ အင်ဂျင်နီယာ အရာရှိလောင်း အဖြစ်ကို လက်မခံနိုင်ဘဲ ကျွန်တော်တို့ မရောက်ခင် ကပင် ထွက်သွားခဲ့ပါသည်။)
အရာရှိလောင်း ကျော်သူမှာ စာမေးပွဲ မအောင်သဖြင့် ကျွန်တော်တို့ ဂျူနီယာ တပ်ဖွဲ့နှင့် ခြောက်လဆက်၍ နေရပါသည်။

ထို့ကြောင့် အပတ်စဉ် ၁/၆၃ မှ Senior Deck Cadet များ ကျောင်းဆင်း ပြီးသောအခါ ဆိပ်ကြီးတွင် ကုန်သွယ် ရေကြောင်း ဗိုလ်လောင်းတပ်ဖွဲ့ (Mercantile Marine Cadets) စုစုပေါင်း (၁၈) ယောက် ကျန်ခဲ့ ပါသည်။ ကျွန်တော်တို့ တပ်ဖွဲ့မှ (၁၂) ယောက်၊ Senior Engine Cadets (၅) ယောက် နှင့် အရာရှိလောင်း ကျော်သူတို့ ဖြစ်ကြ ပါသည်။

တခါတွင် ဗိုလ်လောင်း ရိပ်သာတွင်း အားကစားပြိုင်ပွဲ ကျင်းပသည်။ ပါဝင်ကြသော တပ်ဖွဲ့ငါး ဖွဲ့မှာ

(၁) ကုန်သွယ်ရေကြောင်း ဗိုလ်လောင်းတပ်ဖွဲ့
(၂) DSA (6) Intake ရေတပ် ဒုဗိုလ် တပ်ဖွဲ့
(၃) DSA (7) Intake ဗိုလ်လောင်း တပ်ဖွဲ့
(၄) DSA (8) Intake ဗိုလ်လောင်း တပ်ဖွဲ့
(၅) ရေတပ်ဗိုလ်လောင်းတပ်ဖွဲ့ ၁/၆၅ တို့ ဖြစ်ကြသည်။

ဘော်လီဘော ပြိုင်ပွဲတွင် ကျွန်တော်တို့ ကုန်သွယ်ရေကြောင်း ဗိုလ်လောင်းတပ်ဖွဲ့မှ ပထမ ရပါသည်။ ပါဝင်သော သူများမှာ မျိုးသိန်း၊ ထွန်းလင်းမော်၊ ကျော်ဝင်း၊ မောင်မောင်ဖုန်း၊ ချစ်ရွှေ နှင့် ရဲညွန့်တို့ ဖြစ်ကြသည်။ စားပွဲတင် တင်းနစ်ပြိုင်ပွဲ တွင်လည်း ကျွန်တော်တို့ အဖွဲ့မှ Arthur Ghosh က ပထမ ဖြစ်ပါသည်။ ဒါတင် မကပါ။ စစ်တုရင် ပြိုင်ပွဲတွင်လည်း ကျွန်တော်တို့ပဲ ဗိုလ်စွဲ ပါသည်။ ပထမရသူမှာ အပတ်စဉ် ၁/၆၃ မှ အရာရှိလောင်း ကျော်သူ ဖြစ်သည်။ ကျွန်တော်တို့ ကုန်သွယ် ရေကြောင်း ဗိုလ်လောင်း များသည်ကား ရေတပ် လေ့ကျင့်ရေး ကျောင်းတွင် ဤသို့ ဤပုံ နာမည်ကြီးများ ဖြစ်ခဲ့ ကြပါသည်။ တပ်မတော် ကြည်း၊ ရေ၊ လေ ပြိုင်ပွဲ များတွင်လည်း တပ်မတော် (ရေ) ကို ကိုယ်စားပြု ပါဝင်ခဲ့ ကြသည်။

သို့သော် ကျွန်တော်တို့ ကုန်သွယ်ရေကြောင်း ဗိုလ်လောင်းများကို အများက အောက်ကလိအာ အဖြစ် မြင်ကြ ပါသည်။ ရေတပ်တွင် ရှိစဉ်က ကျွန်တော်တို့ကို အရပ်သားများ အဖြစ် အမြင်ခံကြရပြီး၊ ကျောင်းဆင်းပြီး ကြယ်ငါးပွင့် သင်္ဘောလိုင်း ရောက်သောအခါ တွင်လည်း ရေ တပ်မတော်၏ လူများဟု အထင်ခံ ကြရ ပြန်ပါသည်။

ကျောင်းဆင်းပြီးနောက် များမကြာမီပင် ကျောင်းဆင်း သွားသော ပထမအသုပ် ၁/၆၃ မှ အရာရှိလောင်းများ ကြယ်ငါးပွင့် သင်္ဘောများတွင် စတင် တာဝန် ထမ်းဆောင်ကြပါသည်။ ကြုံတွေ့ခဲ့ရသည်များကား မမေ့နိုင်စရာ ဖြစ်သည်။ သင်္ဘောပေါ်မှ ဘဝရှင် မင်းတြား ကြီးများ၏ ပညာပေးခြင်းကို ကောင်းကောင်းကြီး ခံခဲ့ကြရ ပါသည်။ ထို့အတွက်ပင် မဟုတ်မခံ အရာရှိလောင်း အောင်သောင်း တစ်ယောက် အလုပ်ပြုတ်သွားခဲ့ ရှာသည်။ ထို အဖြစ်အပျက်၏ နောက်ပိုင်းတွင်မူ ကြယ်ငါးပွင့်၏ လေ့ကျင့်ရေး သင်္ဘော ဖြစ်သော ပုသိမ် သင်္ဘောတွင် လေ့ကျင့်ရေး အရာရှိ အဖြစ် ရေတပ်မတော်မှ ဗိုလ်မှူး တစ်ယောက်ကို တာဝန် ပေးထား တော့သည်။ ပထမဆုံး လေ့ကျင့်ရေး အရာရှိကား ဗိုလ်မှူး ကျော်မောင် (နောင် ရခိုင်ပြည်နယ် ပြည်သူ့ ကောင်စီဥက္ကဌ) ဖြစ်သည်။ ၁၉၆၆ မှ ၁၉၆၇ အထိ တာဝန်ယူ ခဲ့ပါသည်။ ထို့နောက် ဗိုလ်မှုး တင်ဦးကြိုင်က ၁၉၆၇ မှ ၁၉၆၈ အ ထိ လေ့ကျင့်ရေး အရာရှိ အဖြစ် တာဝန်ယူခဲ့ပါသည်။

ပြောရလျှင် ထိုစဉ်က ကြယ်ငါးပွင့် သင်္ဘောများပေါ်ရှိ မြန်မာအရာရှိများမှာ ကျွန်တော်တို့ အတွက် သီးမွှေး ဌက်ပျောသီးများ ဖြစ်ကြသည်။ အပြင်က ဝါသော်လည်း အတွင်းတွင် ဖြူနေပါသည်။ ဆိုလိုသည်ကား အပြင်က မြန်မာ ဖြစ်သော်ငြားလည်း ဂေါ်ရာစိတ် အပြည့်အဝ ရှိသူများ ဖြစ်ကြ ပါသည်။ အင်္ဂလန် လက်မှတ်ကိုသာ အထင်ကြီးကြသူများ ဖြစ်ကြသည်။ နွားခြေရာခွက်ထဲမှ ဖါးသူငယ်လို မိမိ ကိုယ်ကိုယ်သာ အထင်ကြီး တတ်သော ရောဂါ စွဲကပ်နေသူ ပုဂ္ဂိုလ်များလည်း ဖြစ်ကြ ပါသည်။ ကျွန်တော်တို့ ကျောင်းဆင်း များထဲမှ အချို့သည်ပင် ထိုရောဂါဆိုး ကူးစက်ခြင်း ခံကြရ ပါသည်။ ယနေ့ခေတ် အချိန်အခါ အထိပင် ထိုအမွေဆိုး ဘဝရှင် မင်းတြားကြီး ရောဂါ ရှင်သန် နေတုန်းပင် ဖြစ်သည်။

No comments: