Wednesday, May 25, 2011

တရံရောအခါကမြန်မာပြည်မှာ (၁၀)။

စီနီယာများ ကျောင်းဆင်း ပြီးသည်နှင့် ကျွန်တော်တို့ တပ်ဖွဲ့ သုံးယောက် တစ်ခန်းမှ နှစ်ယောက် တစ်ခန်း နေခွင့် ရပါသည်။ ကျွန်တော်၏ အခန်းဖေါ်မှာ တင်မောင်ဦး ဖြစ်ပါသည်။ ဗိုလ်လောင်းဆောင်၏ မြောက်ဖက်ခြမ်းတွင် ကျွန်တော်တို့ တပ်ဖွဲ့ (၁၂) ယောက် နှင့်အတူ စီနီယာ အင်ဂျင်နီယာ အရာရှိလောင်း ငါးယောက်၊ ရေတပ် ဗိုလ်လောင်း တပ်ဖွဲ့ ၁/၆၅ တို့ နေကြ ပါသည်။ ဗိုလ်လောင်း ဆောင်၏ တောင်ဖက်ခြမ်းတွင် စစ်တက္ကသိုလ်
အပတ်စဉ် (၇)ဆင်း ဒုဗိုလ်များ နေကြပါသည်။ ပထမနှစ်လောက် အနေအထိုင် မကြပ်တော့ဘဲ တော်တော်လေး လွတ်လပ် လာပါသည်။

တစ်နေ့တွင်မူ ကျွန်တော်နှင့် စီနီယာ အင်ဂျင်နီယာ အရာရှိလောင်း စိန်ကြုံးတို့ ကျောင်းမှ ခိုးထွက်ပြီး သံလျင်သို့ သွားလည် ကြပါသည်။ တရုတ် စားသောက်ဆိုင်တွင် ထမင်းစားကြ ပါသည်။ ကိုစိန်ကြုံးက ကျွန်တော့ကို ဘီယာ တစ်ဖန်ခွက် တိုက်ပါသည်။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ အရက် မသောက်ဘူးသော၊ အရက်အကြောင်းလုံးဝ နားမလည်သော ကျွန်တော်က "ခင်ဗျားဟာ ရေ လည်း မရောဘူး၊ တော်ကြာ မူးလဲသွား
ရင် ဘယ်နဲ့ လုပ်မလဲဗျ" ဟု ပြောရာ သူက ကျွန်တော့ကို ရေရေလည်လည် ဟားပါလေ တော့သည်။ ကိုစိန်ကြုံးသည် စာတော်သူ တစ်ယောက် ဖြစ်ပြီး ပထမဆုံး အင်ဂျင်နီယာ အရာရှိလောင်း သင်တန်း၏ အကောင်းဆုံး အရာရှိလောင်းဆု (Best Cadet) ရရှိခဲ့ ပါသည်။ ကြယ်ငါးပွင့် သင်္ဘောလိုင်းတွင် အရာရှိဖြစ်ပြီးနောက် စိတ်ရောဂါကြောင့် အလုပ်မှ အနားယူ ခဲ့ရပါသည်။

နောင် ကျွန်တော် ရေကြောင်းသိပ္ပံတွင် ကျောင်းဆရာအဖြစ် အလုပ် ဝင်သောအခါ ဆင်မလိုက် သင်္ဘောကျင်း အဝင်လမ်းတွင် နေထိုင်သူ ကိုစိန်ကြုံးနှင့် မကြာခဏ ဆိုသလို ဆုံတွေ့ ဖြစ်ကြပါ သေးသည်။ တစ်နေ့တွင် သူ၏အိမ်ရှိ ရေတွင်းထဲကျပြီး ရေနစ်သေဆုံး သွားခဲ့ပါသည်။ ကိုစိန်ကြုံးကား အင်မတန် ရိုးသားပြီး ပွင့်လင်းသူ တစ်ယောက် ဖြစ်ပါသည်။ မှတ်မိပါသေးသည်။ တခါက ဆိပ်ကြီးတွင် တပ်ဖွဲ့ကိုင် အရာရှိ
က ဟိန်းဟောက်ရင်းနှင့် "မင်းတို့ကိုယ် မင်းတို့ ဘာထင်လဲ" ဟုဆိုရာ ကိုစိန်ကြုံးက "Cadet ထင်ပါတယ် ခင်ဗျ" ဟု အရိုးခံဖြင့် ပြန်အော် ခဲ့ပါသည်။

ကျွန်တော်တို့ အရာရှိလောင်းများ၏ ဘဝ ဟူသည်ကား အချိန်ရှိသရွေ့ နေ့နေ့ညည ကျောင်းဝင်းထဲမှာပဲ နေရသည် ဖြစ်ရာ ဘာရယ်မဟုတ် တခါတလေ အပြင်သို့ ခိုးထွက်ပြီး ထမင်းကျော်၊ ခေါက်ဆွဲကျော်လေး စားရသည်ကပင် အရသာ တစ်မျိုး ဖြစ်သည်။ စွန့်စားခန်းကြီး တစ်ရပ် လည်းဖြစ်သည်။ အင်မတန် ပျော်စရာ ကောင်းသည် ဟု ထင်ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော့ ဘဝကို ပြောင်းလဲ ပေးလိုက်သော အဖြစ်အပျက် တစ်ခုကို မကွယ်မဝှက် အမှန်အတိုင်း တင်ပြပါရစေ။

ကျွန်တော် ရေကြောင်းသိပ္ပံ ကျောင်းသို့ ဆရာအဖြစ် ပြောင်းရွေ့စဉ် ၁၉၇၅ တွင် အပတ်စဉ်(၇) မှ ရေကြောင်း အရာရှိလောင်း (၁၂) ဦးသည် ပထမနှစ် သင်တန်းသားများ အဖြစ် ကျောင်းတွင် ရှိနေကြ ပါသည်။ Deck ချည်း ဖြစ်ပြီး အင်ဂျင်နီယာ အရာရှိလောင်းများ မပါပါ။ ကျောင်းရောက်ပြီး နှစ်ပတ်အကြာမှ စ၍ အရာရှိလောင်း သင်တန်း နှင့် ကျန်သင်တန်းများ အားလုံး၏ လေ့ကျင့်ရေးမှူး အဖြစ် တာဝန်ယူခဲ့ ရပါသည်။

ကျောင်းဆရာ ကျွန်တော့ အကြောင်းကို ၁၉၇၅ မှ ၁၉၈၈ အတွင်း သင်တန်း တက်ဖူးကြသူတိုင်း သိကြမည် ထင်ပါသည်။ ကျွန်တော် ကျောင်းတွင်နေခဲ့စဉ် ကာလ တစ်လျှောက်လုံး တပည့်မမွေး ဆရာမမွေးသူ၊ စည်းကမ်း အတိုင်းသာ လုပ်ခဲ့သူ ဖြစ်ပါသည်။ “ဘု”လည်း အင်မတန် ကျသလို အာဏာ၊ ရာထူး နှင့် ပိုက်ဆံကိုလည်း လုံးဝ မမျှော်ကိုးခဲ့သူ၊ သင်တန်းသားများ၏ ကောင်းကျိုးအတွက် သူတို့တစ်တွေ၏ အမုန်းခံကာ၊ မိမိကိုယ်တိုင် အပင်ပန်းခံကာ ပိုက်ဆံ အပိုတစ်ပြား မရဘဲ ဆိုဆုံးမပေးခဲ့သူ ဖြစ်ပါသည်။ သင်တန်းသားများကို နောင်ကြဉ်စေရန် ပြစ်ဒဏ်ပေးခြင်း၊ ဆိုဆုံးမခြင်း များနှင့်သာ ကောင်းရာကို ညွှန်ပြခဲ့ပြီး သင်တန်းသားများ၏ အလုပ်အကိုင်၊ ဘဝတက်လမ်း နှောင့်နှေး နစ်နာစေရေး အတွက် အရေးယူမှုမျိုး (အထက်ကို စာတင်ပြီး ကျောင်းထုတ် ပစ်ခြင်းမျိုး) လုံးဝ လုံးဝ မလုပ်ခဲ့ပါ။

၁၉၈၄ တွင် ဌာနမှူး (ရေကြောင်း) ဦးကျော်ညွန့် ကွယ်လွန် ပါသည်။ ထိုအချိန်က ကျွန်တော့တွင် ကျောင်းဆရာ လုပ်သက် (၉) နှစ် ရှိနေပြီ ဖြစ်ပြီး Master Mariner နှင့် D.M.S (Shipping Management) ဘွဲ့လက်မှတ် များလည်း ကိုင်ထားပါသည်။ သို့သော် အထက်လူကြီးများ အလိုလားဆုံး ဖြစ်သည့် လက်ညိုးထောင် ခေါင်းငြိမ့်၊ လူကြီးကြိုက် ပြောဆို လုပ်ကိုင်တတ်သော အရည်အချင်းတော့ ကျွန်တော့တွင် မရှိခဲ့ပါ။ ထို့ပြင် ကျွန်တော့အား
ဌာနမှူး ရာထူး တိုးပေးလျှင် နောင်တစ်ချိန် ကျောင်းအုပ်ကြီး ဖြစ်လာမည် ကိုလည်း စိုးရိမ်သည် ထင်ပါသည်။ ဇာတ်ပေါင်းထုပ် လိုက်သောအခါ ကျောင်းအုပ် ဖြစ်သူ ဦးတင်လှိုင်သည် သူ့စကား နားထောင်မည့် ဦးထင်ကျော်အား မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အတင်းခေါ်ယူပြီး ဌာနမှူးတာဝန် ယူစေခဲ့ပါသည်။

ဦးထင်ကျော် သည်ကား ၁၉၆၂ တွင် အင်္ဂလန်သို့ သွားရောက် သင်တန်းတက်ခဲ့သည့် နောက်ဆုံးသော မြန်မာ အရာရှိလောင်း ဖြစ်သည်။ စာလုံးဝ မသင်ပြဘူးပါ။ Post graduate study လည်း မတက်ဘူးပါ။ သို့သော် သူ့တွင် Command Experience (ကပ္ပတိန် အဖြစ် သင်္ဘောတွင် လုပ်ဖူးခြင်း) ရှိသည့် အတွက် ထိုရာထူးခန့်ခြင်းဟု အကြောင်းပြ ပါသည်။ အမှန်စင်စစ် ထိုအချိန်က Command Experience ဆိုသည်မှာ ကြယ်ငါးပွင့် သင်္ဘောများတွင် အချိန်မရွေး သွားရောက် ရယူနိုင်သော အခါ ဖြစ်သည်။ ဦးတင်လှိုင် ကိုယ်တိုင်ပင် Examiner Course တက်ရန် Command Experience လိုသည့် အတွက် ကြယ်ငါးပွင့်မှ ပုဂံသင်္ဘောပေါ် တက်ခဲ့ရပါ သေးသည်။ ရေကြောင်းကောလိပ်၏ ဌာနမှူး ဦးဇင်မောင်ထွန်း (ယခုရေကြောင်းတက္ကသိုလ်) သည်လည်း ထိုနည်းအတိုင်း ကြယ်ငါးပွင့်၌ Command Experience ယူခဲ့ရ ပါသည်။ ဦးထင်ကျော် ဌာနမှူးအဖြစ် ကျောင်းသို့ ရောက်လာပြီးနောက် လေ့ကျင့်ရေးမှူး အဖြစ်ပါ တာဝန်ယူခဲ့ ပါသည်။ ဘယ်အချိန်မှ စ၍ လေ့ကျင့်ရေးမှူး ဖြစ်သည်ကိုတော့ တိတိပပ မမှတ်မိ တော့ပါ။

အပတ်စဉ် (၁၉) အရာရှိလောင်းများ သင်တန်း တက်နေစဉ် ၁၉၈၇ ခုနှစ် တွင် ဖြစ်သည်။ ထိုနေ့က တာဝန်ကျ အရာရှိမှာ ကျွန်တော် ဖြစ်ပါသည်။ ညပိုင်းတွင် ထုံးစံအတိုင်း လူစစ်ခဲ့ရာ အရာရှိလောင်း သုံးဦးနှင့် တကွ အခြားသော သင်္ဘောသား၊ သင်တန်းသားများ ခွင့်မဲ့ ပျက်ကွက်နေကြောင်း တွေ့ရပါသည်။ ထိုအရာရှိလောင်း သုံးဦးမှာ

(၁) အင်ဂျင်နီယာ အရာရှိလောင်း မင်းသူ
(၂) အင်ဂျင်နီယာ အရာရှိလောင်း လှဖုန်းအောင်
(၃) ရေကြောင်း အရာရှိလောင်း ဇော်နိုင်လှ တို့ ဖြစ်ကြပါသည်။

ကျွန်တော်လည်း ထုံးစံအတိုင်း လေ့ကျင့်ရေးမှူးထံ အစီရင်ခံစာ တင်လိုက် ပါသည်။ ကျွန်တော် လေ့ကျင့်ရေးမှူးတုန်း ကဆိုလျှင် ဤအမှုမျိုးမှာ ကျွန်တော့ အမိန့်ဖြင့် ကမ်းတက်ခွင့် (Shore Leave) ပိတ်လိုက်ရုံဖြင့် ကိစ္စပြတ်သွားမည် ဖြစ်သည်။ ယခုသော် ထိုသို့မဖြစ်ခဲ့ဘဲ လေ့ကျင့်ရေးမှူးမှ ကျောင်းအုပ်ထံ ဆက်လက် တင်ပြသည်။ ကျောင်းအုပ် လုပ်သူကလည်း ဤကိစ္စလောက်ကို မဖြေရှင်းနိုင်သည် ပဲလား၊ “ငယ်သော အမှု ကြီးအောင်၊ ကြီးသော အမှု သောက်ကျိုးနည်း စေအောင်” စေတနာ ပိုနေ၍ပဲလား မသိ၊ ပို့ဆောင်ရေး ဝန်ကြီးဆီ အထိ ဆက်လက် တင်ပြရာ ဝန်ကြီးမှ အားလုံးကို ကျောင်းထုတ်၊ အလုပ်ဖြုတ်ပစ် လိုက်ပါသည်။ ထိုအရာရှိလောင်း သုံးဦးမှာ မျက်နှာ မရှိကြသည် လည်း ပါပါသည်။ လူကြီးသား များသာဖြစ်ပါက ဤသို့ ဖြစ်မည် မဟုတ်ပါချေ။

ကျောင်းသားမိဘများမှ ကျောင်းအုပ်ကို လာတွေ့ကြသော အခါတွင်တော့ ဦးတင်လှိုင်မှ “တာဝန်ကျ အရာရှိက တိုင်လို့ အရေးယူရတာပါ” ဟု ဆိုကာ ကျွန်တော်နှင့် ကျောင်းသားများကို ရန်တိုက် ပေးခဲ့ ပါသည်။ ကျွန်တော်လည်း အလွန် ဒေါပွသည် ဖြစ်သောကြောင့် ကျောင်းအုပ်ဖြစ်သူ ဦးတင်လှိုင်အား ဤသို့ ပြောခဲ့ပါသည်။

"ကျွန်တော်တို့ ကျောင်းဆရာ ဆိုတာ ကျောင်းသား စာမတတ်ရင် တတ်အောင်၊ စည်းကမ်းမရှိရင် ရှိအောင်၊ စိတ်ဓါတ်ညံ့ရင် ကောင်းအောင် လုပ်ဖို့ပါ။ သူတို့ဘဝ ပျက်စီးအောင် လုပ်ဖို့ မဟုတ်ဘူး ဆရာ။ ကျွန်တော်က စာတင်တိုင်း ဆရာတို့ ဘာမှမလုပ်ဘဲ ဝန်ကြီးဆီ တင်မယ်ဆိုရင် ဆရာတို့ နေရာတွေ … လေ့ကျင့်ရေးမှူးတို့၊ ကျောင်းအုပ်တို့ မလိုဘူး ပြာတာ တစ်ယောက်ပဲ လိုတယ်။”

လူကြီးဆိုသူများမှ လူငယ်တွေ၊ မျက်နှာ မရှိသူတွေ အပေါ် ဤမျှလောက်အထိ ဖိနှိပ်မည်၊ ယုတ်မာမည်ဟု ဘယ်သော အခါကမှ မထင်ခဲ့မိပါ။ ဤကိစ္စ အပြီးတွင်တော့ ကျွန်တော် ရေရေလည်လည် စိတ်ပျက် သွားပါသည်။ လုပ်ချင် ကိုင်ချင်စိတ် များလည်း ကုန်ခမ်းသွား ခဲ့သည်။

ထိုအချိန်က မင်းသူမှာ ကလောမှ ဖြစ်သောကြောင့် ရန်ကုန်တွင် နေစရာမရှိ၍ ကျွန်တော့အိမ်တွင် ခေါ်ထားရ ပါသည်။ နောင် မြောက်ဥက္ကလာပမှ အမျိုးသမီး တစ်ယောက်နှင့် အိမ်ထောင်ကျ ပါသည်။ ကျူရှင် ပြစားနေရာမှ ကျူရှင် ဥပဒေဖြင့် ထောင်ကျသဖြင့် သူ၏ အပတ်စဉ်မှ သူငယ်ချင်းများ ဝိုင်းဝန်း ကူညီကြသည်ဟု ကြားရ ပါသည်။ လှဖုန်းအောင်မှာ ကိုရီးယား သင်္ဘောတွင် လိုက်သွားရာမှ သင်္ဘောမြုပ်သည့် အထဲတွင် ပါသွားသည်ဟု သိရ ပါသည်။ ဇော်နိုင်လှ တစ်ယောက်ကတော့ သင်္ဘောလိုက် နေသေးသည်ဟု ကြားပါသည်။ (၂၀၁၀) က ရန်ကုန်၌ တပည့် ကျောင်းဆင်း အရာရှိလောင်း ဟောင်းများနှင့် ပြန်လည်ဆုံ ဖြစ်ပါသေးသည်။ သူတို့ အရာရှိလောင်း ဘဝက ဘယ်သို့ ဘယ်ပုံ အပြင်ခိုးထွက်သည့် အကြောင်းများကို ပြန်ပြောပြီး ရယ်ကြ မောကြသည့် အခါတိုင်း ကျောင်းထုတ် ခံရ၍ ဘဝပါ ပျက်သွားကြ ရရှာသော ကျွန်တော့ တပည့်ကျော် သုံးဦး အားသတိရမိပြီး အလွန်ပင် စိတ်မကောင်း ဖြစ်မိပါသည်။

No comments: