Tuesday, May 17, 2011

တရံရောအခါက မြန်မာပြည်မှာ (၄)

ဆိပ်ကြီး ရေတပ် လေ့ကျင့်ရေး ကျောင်းတွင် (၂) နှစ် အတွင်း သင်ကြားခဲ့ရသော
ရေကြောင်းဆိုင်ရာ ဘာသာရပ်များ နှင့် သင်ကြား ပေးသော ဆရာများကို တင်ပြရသည်
ရှိသော်-

၁) Principles of Navigation. (CPO ဝင်းဒင်)
၂) Practical Navigation. (CPO ဝင်းဒင်)
၃) Chart Work. (CPO ဝင်းဒင်)
၎) Seamanship. (CPO Frank Dupy @ ဘသန်း)
၅) Practical Seamanship. (PO စိုးညွှန့် နှင့် PO ခင်အောင်)
၆) Damage Control. (ERA စိန်ဝင်း)
ရ) Gunnery (CPO ကြည်ဦး)
၈) Radar Observer. (Lt. တင့်ဝေ)
၉) Communication. (Lt. တင်ဦး)
၁၀) Basic Ship Construction. (ကပ္ပတိန် ညွန့်ဝေ DMA) တို့ ဖြစ်ကြသည်။
၁၁) Mathematics (ဦးစိုးမြတ်)

ဤစာရင်းကို လေ့လာကြည့်လျှင် ကျွန်တော်တို့ အနေဖြင့် Ship Stability နှင့်
Rules of the Road ဘာသာရပ်များကို မသင်ခဲ့ ရကြောင်း တွေ့နိုင်ပေ
လိမ့်မည်။ ရေတပ်မတော်မှ ဆရာများသည် ကျွန်တော်တို့အား စေတနာ အပြည့်ဖြင့်
တတ်သမျှ အားလုံးကို အပင်ပန်းခံ သင်ပေးခဲ့ ကြပါသည်။ အထူးသဖြင့် ဆရာဝင်းဒင်
နှင့် ဆရာဂျူပီ ခေါ် ဆရာဘသန်းတို့ နှစ်ယောက်မှ အများဆုံး အားထုတ်
သင်ကြားခဲ့ကြ ပါသည်။

သို့သော် အရာရှိလောင်း အများစုက ဆရာများသည် အရာရှိများ မဟုတ်သည့် အတွက်
မကြိုက်ကြပါ။ ဖခင်အရင်းခေါက်ခေါက် ဆိုက္ကားသမားကို အဖေ မတော်ချင်ဘဲ
ဆယ်ဝမ်းကွဲ ဦးလေး ဗိုလ်မှူးကြီးကို ဖခင် တော်ချင်သော သူသာ
ပိုများနေသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ကျောင်းအုပ်
ဖြစ်ခဲ့သူ ဗိုလ်ချုပ် ချစ်လှိုင်ကိုသာ ယနေ့ခေတ် MOSA (Myanmar Oversea
Seafarers Association) မှ နှစ်စဉ် ကျင်းပနေသော ဂါရဝပြုပွဲတွင်
အစဉ်တွေ့နေရပြီး ဆိပ်ကြီးတွင် ကျောင်းတက်စဉ် ချွေး၊ သွေးများဖြင့်
အမှန်တကယ် အားစိုက် သင်ကြား ပေးခဲ့ကြသော အထက်ပါ ဆရာများကိုကား မည်သူမှပင်
စကားထဲ ထည့်မပြော ကြခြင်းကြောင့် ဖြစ်သည်။ "ကိုယ့်ကိုကိုယ်
ဂုဏ်ရှိအောင်နေ၊ ဘာမှမလုပ်လည်း လူအများက လေးစားပြီး ကျေးဇူး တင်နေမည်"
ဟူ၍ သင်ခန်းစာ ယူနိုင်သည်ဟုပင် ဆိုရမလားမသိ။

ဆရာဝင်းဒင်နှင့် ဆရာဘသန်း နှစ်ဦးစလုံးကို ကျွန်တော်တို့ ၁၉၆၉ ခုနှစ်
Second Mate course ပြန်တက်သော အချိန်တွင် အရာခံဗိုလ်များ အဖြစ်
ပြန်တွေ့ခဲ့ရ ပါသည်။ ထို့နောက် သိပ်မကြာပါ။ နှစ်ဦးစလုံး တပ်မှ
ထွက်ကြသည်။ ဆရာဝင်းဒင်ကား Mate (Home Trade) ဖြေဆို အောင်မြင်ပြီး
ထိုစဉ်က ပုလဲနှင့် ငါးလုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ဆရာ
ဘသန်းမှာတော့ အရက်ကြောင့် တော်တော် ဒုက္ခ ရောက်သွားခဲ့ ရှာသည်။ ရရာအလုပ်
ကြုံရာကျဘမ်း လုပ်သည်။ ကမ်းလွန် ရေနံတူးရာတွင် ထမင်းချက် လုပ်သည်။
နိုင်ငံခြား ဂရိ သင်္ဘော ကုမ္ပဏီတွင် သင်္ဘောသား လုပ်သည်။ ထိုမှတဖန်
ကျွန်တော် ရေကြောင်းပညာ သိပံ္ပကျောင်း မှ မထွက်ခင်လေးတွင် Third Mate
Course တက်ချင်သည်ဟု ဆိုလာသဖြင့် ၁၉၈၉ ခုနှစ်တွင် စီစဉ် ပေးခဲ့သေး ပါသည်။
ကျောင်းဝင်းထဲရှိ ကျွန်တော့၏ အိမ်တွင် နေပြီး ကျောင်းတက် ခဲ့သည်။
ထိုနောက်ပိုင်း သိပ်မကြာလိုက်။ ၁၉၉၀ ခုနှစ်ကုန်ပိုင်း တွင်ပင် ဆရာဘသန်း
ကွယ်လွန် သွားခဲ့ရှာပါသည်။ ဆရာ ဝင်းဒင်မှာတော့ ပုလဲနှင့်ငါး မှ
ထွက်ပြီးနောက် ကမ်းရိုးတန်း သွား သင်္ဘော
တစ်စင်းပေါ်တွင် Mate အဖြစ် လုပ်ကိုင်ခဲ့ ပါသည်။ ၁၉၉၇ ခုနှစ် တွင်
ဆရာဝင်းဒင် ကွယ်လွန် ပါသည်။

ဤဆရာ နှစ်ယောက်၏ ဆရာ ပီသသော လုပ်ရပ်များ၊ တပည့်များ အပေါ် ထားရှိသော
စေတနာကို အစဉ် သတိရနေဆဲပင် ဖြစ်ပါသည်။ အခြား တစ်ဖက်တွင်မူ ဆရာ အချို့သည်
ဝတ်ကျေတန်းကျေသာ သင်ကြသည်။ စေတနာ မပါကြ သည်လား။ မိမိ တတ်သလို တပည့်များ
တတ်သွားမှာ စိုး ကြသည်လား။ တပည့်များ မိမိထက် တတ်မှာကို လုံးဝ မလိုလားကြ
သည်လား။ သို့မဟုတ် မြန်မာပြည်တွင် မိမိတို့ အဆင့်မျိုး မည်သူမျှမရှိ
ဟူသည်ကို ဂုဏ်ယူကြ သည်လား မသိပါ။

မှတ်မိ ပါသေးသည်။ တခါက ကျောင်း၌ လုပ်ခဲ့သော seminar တခုတွင်
ဦးမောင်မောင်လေးမှ "မြန်မာပြည်မှာ Extra Master ဆိုလို့ ဦးတင်လှိုင်
တစ်ယောက်ပဲ ရှိတယ်။ လူငယ် တွေ ကြိုးစားဖို့ ကောင်းတယ်" ဟု ပြောခဲ့ ပါသည်။
Extra First Class ဟူသော အဆင့်သည်လည်း သူ တစ်ဦးတည်းပင် ရှိသည်ကို
လူအများ သတိမူမိ စေချင်သောကြောင့် တစ်ပါးသူကို ချီးကျူးသလိုလိုဖြင့်
ကြော်ငြာလိုက်ခြင်း ဖြစ်ပါ၏ ။

ထိုကိစ္စဖြင့် ပက်သက်၍ နောင်အခါ အခွင့်သင့် သောအခါ ဦးတင်လှိုင်ကို
ကျွန်တော် ပြောမိသည်မှာ

"ဆရာ ကြိုက်တဲ့ လူငယ် ဆယ်ယောက်ကို Extra Master ဖြေဖို့ လွှတ်ပါ၊
ရှစ်ယောက် လောက်မှ Extra Master မရရင် ကျွန်တော် ခေါင်းဖြတ် ခံပါမယ်"

ဟူ၍ ဖြစ်သည်။ ထိုစဉ်က ထိုသို့ ပြောသာ ပြောခဲ့သော်ငြား မည်သူကိုမျှ
နိုင်ငံခြား ပညာသင် လွှတ်ရန် စဉ်းစားလိမ့်မည်မဟုတ် ဆိုသည်ကို ကျွန်တော်
စိတ်ထဲတွင် အသေအချာ သိနေခဲ့ပါသည်။ နိုင်ငံခြား မသွားရဘဲ Extra Master
ဟူသည့် ဘွဲ့ထူးဂုဏ်ထူးကြီးကို မည်သို့များ ဆွတ်ခူးနိုင် ပါမည်လဲ?

No comments: